အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ NLD ပါတီဝင် ဦးမြင့်ဝေ အူအတက်ပေါက်ရောဂါနဲ့ ကျဆုံး

Author CJ Platform
Categories
Published on Jul 09, 2025

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေဟာ မနေ့ ဇူလိုင် ၈ ရက် မနက်စောပိုင်းက အူအတက်ပေါက်ပြီး ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။

 

အသက် ၅၉ နှစ်အရွယ် ဦးမြင့်ဝေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်က စစ်ကိုင်းတိုင်း ရွာသစ်ရွာမှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးချိန်မှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၀(က) နဲ့ ပုဒ်မ ၆၁ တို့နဲ့ တရားစွဲဆိုခံခဲ့ပြီး အိုးဘိုထောင်မှာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

 

“၇ လပိုင်း ပထမအပတ်မှာပဲ သူအပြင်းအထန် ဗိုက်အောင့်တော့ ထောင်ကအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြောတယ်။ ဝန်ထမ်းတွေက ရိုးရိုးပဲ ဗိုက်အောင့်တာဆိုပြီး ဆေးရုံတက်ခွင့်မပေးဘူး။ သေဆုံးတဲ့ရက်မှာမှ ဆေးရုံကို ပို့တယ်။ အဲ့အခါကျတော့ ရောဂါက ပြင်းထန်နေတာဖြစ်တာမို့ သေဆုံးခဲ့ရတာဖြစ်တယ်။ သူပြောတဲ့အချိန် တစ်ပတ်လောက်ကတည်းက ဆေးရုံတင်ခဲ့ရတယ်ဆိုရင် ဦးမြင့်ဝေက သေဆုံးမှာ မဟုတ်ပါဘူး” လို့ PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက CJ Platform ကို ပြောပါတယ်။

 

NLD ပါတီဝင် ဦးမြင့်ဝေ သေဆုံးခဲ့တာဟာ ရောဂါအခံရှိလို့ကြောင့်လို့ ပြောလို့မရဘဲ အကျဉ်းထောင်အတွင်းက အစားအသောက်တွေကို ကာလရှည် စားသုံးလာရတဲ့အခါ ဗိုက်အောင့် ဝေဒနာခံစားခဲ့ရတာဖြစ်ပြီး ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

 

အိုးဘိုအကျဉ်းထောင်အတွင်း NLD ပါတီဝင် ဦးမြင့်ဝေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

 

ဦးမြင့်ဝေ သေဆုံးရတာဟာ နဂိုရောဂါအခံကြောင့် မဟုတ်ဘဲ အကျဉ်းထောင်တွင်းရောက်မှ ဗိုက်အောင့် ဝေဒနာခံစားခဲ့ရပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း အတည်ပြုပြောပါတယ်။

 

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုအတွင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဦးဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့ဟာ အိုးဘိုအကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့တာကြောင့် ကွယ်လွန်ခဲ့ပါသေးတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်နဲ့ အခြားပါတီဝင်ပေါင်း ၁၀၇ ဦး သေဆုံးခဲ့တယ်လို့ NLD ပါတီရဲ့ အခုနှစ် ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – PPNM

 

ပုံစာ – အိုးဘိုအကျဉ်းထောင်အတွင်း အူအတက်ပေါက်ပြီး သေဆုံးခဲ့တဲ့ NLD ပါတီဝင် ဦးမြင့်ဝေ