တောင်ငူ ခပေါင်းချောင်းရေလျှံမှုကြောင့် ရွာအများအပြား ရေဝင်နေ၊ အရေးပေါ်ပြောင်းရွှေ့နေရ

ပဲခူးတိုင်း တောင်ငူမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အတွင်းမှာ ခပေါင်းချောင်းရေဟာ ဇွန်လ ၂၀ ရက်နေ့မှာ ရုတ်တရက် မြင့်တက်လာတာကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေနဲ့အတူ ချောင်းဘေးရှိ နိမ့်နားဒေသတွေမှာလည်း ရေဝင်လာတာကြောင့် ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
ခပေါင်းချောင်းရေဟာ ဒီကနေ့ နံနက် ၁ နာရီဝန်းကျင်မှာ မန်ကျည်းပင်၊ ဖိုးနီဆိပ်၊ ပွက်စု တို့ကဲ့သို့သော ကျေးရွာတွေမှာ ရုတ်တရက်မြင့်တက်လာခဲ့ပြီး၊ ရေစီးအားကြမ်းတာကြောင့် လူနေအိမ်တွေနဲ့ ဆိုင်ကယ်တချို့ မျောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေတက်ပြီး ကမ်းပါးပြိုလာလို့ ခြံနောက်ခြမ်းက ရေထဲကို တဖြေးဖြေးပါသွားတယ်။ ဒီနှစ်တွေထဲမှာတော့ စိတ်ကိုပဲ ခိုင်အောင် ကြိုးစားနေရတာ။ ရနိုင်သလောက် ပစ္စည်းလေးတွေ ပြန်ယူရတာပဲ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
တောင်ကျရေနဲ့ အထက်ပိုင်း မိုးများတာကြောင့် ရုတ်တရက် ရေကြီးလာတာဖြစ်နိုင်ပြီး၊ ခပေါင်းချောင်းရဲ့ လက်တက်ချောင်းတွေ ဖြစ်တဲ့ ပုတ်ပဲချောင်းနဲ့ ချောင်းမငယ်ချောင်းတို့က ရေအမြောက်အများ ဆင်းလာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ခပေါင်းချောင်းအထက်ပိုင်းမှာ တည်ရှိတဲ့ ခပေါင်းဆည်ကလည်း လက်ရှိအချိန်မှာ ရေပြည့်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ၃၇ ပေကို မရောက်သေးဘဲ နေ့စဉ် ပုံမှန်ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ရေထုတ်လွှတ်နေကြောင်း သိရပါတယ်။
ခပေါင်းချောင်းရေဟာ ဒီတစ်ကြိမ်ရေမြင့်တက်လာမှုဟာ ၁၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ပြီး၊ မတ်လ ၂၈ ရက်နေ့က အင်အားပြင်း မြေငလျင်ကြောင့် ဆည်အောက်ဖက်ရှိ ကျေးရွာတွေက တိမ်းရှောင်ခဲ့ရဖူးကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုအခြေအနေကိုတော့ မသိရှိရသေးပေမယ့် ဒေသခံတွေဟာ အချင်းချင်း သတိပေးလှုံဆော်ကာ သဘာဝဘေးအန္တရာယ်အတွက် သတိထားနေကြတယ်လို့ သိရပါတယ်။
ရုတ်တရက် ရေမြင့်လာမှုကြောင့် တောင်ငူ ဆူးတက်ရွာလယ်က ကျောင်းတံတားနဲ့ လက်ခုတ်ကုန်းတံတားတို့လည်း ကျိုးကျသွားတာတွေရှိပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုး ဆက်လက်များနေဦးမယ်ဆိုတာနဲ့အတူ စစ်တောင်းမြစ်ရေလည်း မြင့်တက်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်