ဧရာဝတီတိုင်းက ပန်တိုင်နဲ့ ရန်ကုန်အဝင်ဂိတ်တွေမှာ အသက် ၃၀ ပြည့် မှတ်ပုံတင်မလဲလို့ ဒဏ်ငွေရိုက်ခံရ

Author CJ Platform
Categories
Published on May 01, 2025

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်ရှိ စစ်ဆေးရေးဂိတ်တွေမှာ အသက် ၃၀နှစ် ပြည့် မှတ်ပုံတင် မလဲလို့ဆိုကာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီး ဂိတ်တာဝန်ကျသူ လဝက ဝန်ထမ်းတွေက ဒဏ်ငွေဆောင်ခိုင်းတယ်လို့ ဒဏ်ငွေပေးဆောင်ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ ပြောဆိုချက်အရ သိရပါတယ်။

 

ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ ဧရာဝတီအဝင် ပန်တိုင်ဂိတ်၊ ရန်ကုန်အဝင်ဂိတ်နဲ့ ထန်းတပင်ဂိတ်တို့မှာ မှတ်ပုံတင် စစ်ဆေးခံရပြီး အသက် ၃၀ နှစ်ပြည့် ကဒ်မလဲထားသူတွေ ဒဏ်ငွေ ၃၀၀၀ ပေးဆောင် ခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ခရီးသွားရင် မှတ်ပုံတင်က အရင်လို ကိုယ်တိုင်ကိုင်ရတာမဟုတ်ဘူး၊ ကားသမားကို ပေးထားရတာ။ စစ်ဆေးရေးဂိတ်ကျတော့ မှတ်ပုံတင်အဟောင်းဖြစ်လို့ မချိန်းလို့ဆိုပြီး ငွေပေးရတာ “ လို့ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် ဒဏ်ကြေးအဖြစ်တောင်းတဲ့ ငွေကျပ် ၃၀၀၀ ကို ကျပ်ငွေ ၅၀၀၀ တန်ပေးပါက ပြန်မအမ်းဘူးလို့ သူမက ဆက်ပြောပါတယ်။

 

စစ်ဆေးဂိတ်တွေမှာ တချို့ကို အတင်းအကြပ်တွေ စစ်ဆေးတဲ့အပြင် လူငယ်တွေဆိုပါက ခရီးဆောင် အိတ်တွေကိုပါ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး တချို့ကို ပြန်မလွှတ်ပဲ ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

ရခိုင်နဲ့ ဧရာဝတီအစပ်မှာ တိုက်ပွဲတွေဖြစ်ပွားလာတဲ့အချိန်ကစပြီး စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲက မြို့ဝင်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့တဲ့အပြင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်မှာလည်း စစ်ဆေးရေးဂိတ်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့ပါတယ်။

 

“ ပန်တိုင်ဂိတ်နဲ့ ရန်ကုန်အဝင်ဂိတ်က တော်တော်ကိုစစ်တာပါ၊ ပေးစရာရှိတာ ပေးလိုက်ရင်တော့ အများကြီး မစစ်တော့ဘူး။ ရန်ကုန်အဝင်ဂိတ်ကတော့ X-Ray စက်ပါတပ်ထားတာ “ လို့ ဂိတ်ကိုဖြတ်သန်းနေကြ ယာဉ်မောင်းအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဧရာဝတီတိုင်း ပန်တိုင်အဝင်ဂိတ်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ရန်ကုန်က အပြန် ကုန်မပါတဲ့ ကုန်တင်ကားတွေကို အကြောင်းပြချက် မပေးဘဲ ထားခဲ့ခိုင်းကာ ပြန်ပြီးဆက်သွယ်မယ်လို့ ပြောပြီး ယူဆောင်ထားလိုက်တာတွေ ရှိတယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ယခင်က ကုန်တင်ယာဉ်တွေသာ ငွေကြေးပေးဖြတ်ကြရပြီး အခုအခါ ခရီးသည်တင်ယာဉ်နဲ့ ရန်ကုန်တက်ဈေးတက်ဝယ်ပြီးပြန်လာတဲ့ ကားတွေပါ ကုန်ပါလာပါက ငွေပေးမှဖြတ်လို့ရသလို အခုအခါ ဖြတ်သန်းသွားလာသူတွေကိုပါ မှတ်ပုံတင်စစ်ဆေးပြီး ငွေတောင်းခံတာတွေ ပြုလုပ်လာနေတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ – ပန်တိုင်စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ပါမပါ စစ်ဆေးနေပုံ (ပုံဟောင်း)

 

 

Related News

Depend on news