စစ်တပ်မြို့တော် ပြင်ဦးလွင်မှာ ငလျင်နဲ့ စစ်ဘေးတိမ်းရှောင်လာသူ များပြားလာတာကြောင့် အိမ်ငှါးခ စျေးတက်၊ အစ္စလာမ်ဘာသာဝင်တွေ အိမ်ငှါးဖို့ အခက်တွေ့နေ

Author CJ Platform
Categories
Published on Apr 21, 2025

စစ်တပ်မြို့တော်ဖြစ်တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ငလျင်ဘေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူအများအပြား ဝင်ရောက်လာပြီးတဲ့နောက် အိမ်ငှားရမ်းခတွေ အဆမတန်မြင့်တက်လာနေပြီး အစ္စလာမ်ဘာသာဝင်တွေအတွက် အိမ်ငှါးရမ်းဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံတွေနဲ့တိမ်းရှောင်ခဲ့သူတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇွန်လဝန်းကျင်ခန့်က စတင်ပြီး စစ်ကိုင်း ၊မုံရွာ၊ မြင်းခြံဘက်တွေက စစ်ဘေးရှောင်တွေ စတင်ဝင်ရောက်စဉ်ကတည်းက အိမ်ငှားရမ်းခတွေ စတင်မြင့်တက်ခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ ပိုမိုဆိုးရွားလာခဲ့တာပါ။

 

“စစ်ရှောင်ရော၊ ငလျင်ရှောင်ရော ပြည့်ကြပ်နေတာ အရင်ကသုံးသိန်းတန်ဆို အခုခြောက်သိန်း ငါးသိန်းပေါ့၊ လိုင်းခန်းတွေကအစ ၁ သိန်း ခွဲ ၂ သိန်း အရင်က ၁ သိန်းဝန်းကျင်ပဲ၊ မုံရွာစစ်ရှောင်တာက စတာ”လို့ ​ပြင်ဦးလွင် မြို့ခံတဦးက CJ Platform ကို ပြောပါတယ်။

 

နေချင်သူများပြီး ငှားရမ်းမဲ့သူနည်းပါးသောကြောင့် အိမ်ငှားရမ်းခမြင့်တက်ခြင်းအပြင် အိမ်ငှားရရှိဖို့ အမျိုးမျိုးသော အခက်အခဲတွေ ကြုံတွေ့ခဲ့ရကြောင်း မန္တလေးမြို့က ငလျင်ဘေး တိမ်းရှောင်ရသူတဦးက CJ Platform ကိုပြောပါတယ်။

 

“တနေ့လုံးကို အိမ် ၁၈ လုံးကြည့်ခဲ့တာ မနက်၄ခွဲထသွားတာ ည၇နာရီလောက်ထိ အဆင်ပြေတာ မတွေ့ဘူး၊ တွေ့လို့ ကိုယ်က ငှါးပါမယ်ဆိုမှ လက်မတင်လေး သူများက အရင်ငှါးတာလဲ ကြုံရတယ်၊ ၃ လချုပ်လို့ တကယ်ပြောပြီးမှ ၆ လချုပ်ပဲ လက်ခံမယ်ဆိုတာမျိုးရော အဝေးကြီးသွားရပြီးမှ အိမ်ရှင်က မငှါးတော့ဘူးဆိုတာမျိုးရော နေချင်သူများပြီး ငှါးမဲ့သူနည်းတာ ငလျင်နဲ့ချည်းလဲမဆိူင်ဘူး စစ်ဘေးရှောင်တုန်းကလဲ ဒီလိုဖြစ်မယ်ထင်တယ်”လို့ သူကဆိုပါတယ်။

 

လက်ရှိ ပြင်ဦးလွင်မြို့မှာ စစ်ကိုင်း၊ မုံရွာနဲ့ မြင်းခြံဒေသတွေမှ စစ်ဘေးရှောင်တွေနဲ့ စစ်ကိုင်း၊ တံတားဦး ၊မန္တလေး၊ မြစ်သား၊ အမရပူရတို့မှ ငလျင်ဘေးတိမ်းရှောင်သူအများစု ရှိနေကြတာပါ။ ငလျင်ရှောင်နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သန်းခေါင်စာရင်း မှတ်ပုံတင်အလိုက် ခွဲခြားမှုတွေ လုပ်ဆောင်တာ မရှိပေမဲ့ အစ္စလာမ်ဘာသာဝင်တွေကိုတော့ အိမ်ငှါးရမ်းလိုသူတွေ နည်းပါးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

 

“၅မျဉ်းစောင်းမို့ အိမ်မငှါးတာတော့ မရှိဘူး၊ 786 မို့ အိမ်မငှါးတာတော့ရှိတယ် အချို့နေရာတွေပေါ့”လို့ ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောပါတယ်။

 

အိမ်ငှားရမ်းခ အဆမတန် မြင့်တက်လာမှုကြောင့် ဆက်လက်တိမ်းရှောင်ခြင်း မပြုကြပဲ နေထိုင်ရာမြို့တွေကို ပြန်လာသူတွေလဲ ရှိနေကြပြီး အဆင်ပြေသလိုနေထိုင်ကြရကြောင်း မန္တလေးမြို့ကနေ ပြင်ဦးလွင်ကို ငလျင်ဘေးတိမ်းရှောင်ပြီး ပြန်လာခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အိမ်လခက ပုံမှန် ၄-၅ သိန်းဝန်းကျင်အိမ်က အခု ၁၅သိန်းလောက် ဖြစ်သွားတယ်၊ ဒါကအွန်လိုင်းပေါ်မှာ တွေ့ရပိုများတယ်၊ အပြင်မှာဆိုရင်လဲ ၅-၆သိန်းဆိုရင် ကောင်းကောင်းမရတော့ဘူး၊ လက်ရှိက ဘာအိမ်မှ မကျန်ဘူးထင်တာပဲ၊ ၅-၆သိန်းက ဝန်းခြံမခတ်ထား၊ ရွာအစွန်အဖျားတွေ ဖြစ်နေတတ်တယ် ကြောက်စရာကောင်းတယ်၊ စဖြစ်ပြီး၂ပတ်ပဲသွားတာ၊ မရှောင်တော့ဘူး အိမ်မှာပဲပြန်နေနေတယ် တစ်ခုခုဆို လမ်းဆင်းပြေးတယ်”လို့ သူကပြောပါတယ်။

 

ပြင်ဦးလွင်မြို့ဟာ စစ်ကောင်စီရဲ့ အဆင့်မြင့်ကျောင်းတွေနဲ့ တပ်စခန်းအများအပြား အခြေစိုက်ရာ မြို့ဖြစ်ပြီး အိမ်ငှားရမ်းခနဲ့ ကုန်စျေးနှုန်းများမြင့်တက်နေတဲ့အပြင် ဆေးဝါးတချို့ ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီတပ်က ကြားဝင်ထိန်းညှိပေးခြင်း​တော့ မရှိသေးပါဘူး။

 

ဓာတ်ပုံ – လူမှုကွန်ရက်