ပုသိမ်ကြီးမှာ နောက်ဆက်တွဲ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ရဲ့ တောင် အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၁ ကီလိုမီတာ အင်အား ၄ဒသမ၆ ရစ်(ခ်)တာစကေးရှိတဲ့ နောက်ဆက်တွဲ မြေငလျင်တစ်ခု ဒီကနေ့ ဧပြီလ ၁ နာ ၂ မိနစ်အချိန်အချိန်မှာ လှုပ်ခတ်သွားခဲ့တယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်လာပါတယ်။
အင်အားပြင်း စစ်ကိုင်းမြေငလျင်ရဲ့ နောက်ဆက်တွဲမြေငလျင်တွေ ရာပေါင်းများစွာ လှုပ်ခတ်ပြီးနောက် ဒီကနေ့မှာလည်း ပုသိမ်ကြီးမြို့အနီး အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ နေ့ခင်းဘက် နားနေချိန်လေး အပြင်ပြေးထွက်ခဲ့ရတာ ၁၀ စက္ကန့် ကျော်လောက်လှုပ်သွားတာ၊ အသံမြည်တုန်းပါပဲ။ ပျော်ရွင်မှုတွေလည်း ပျောက်ဆုံးနေပြီ၊ တော်ပါတော့ငလျင်ရယ် “ လို့ ပုသိမ်ကြီးမြို့မှာ နေထိုင်တဲ့ လူငယ်အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ တံတားဦး၊ အမရပူ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ပြင်ဦးလွင် စတဲ့ဒေသတွေမှာ မြေငလျင်လှုပ်ခတ်မှုဒဏ် ခံစားခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မနေ့က ဧပြီလ ၁၆ ရက် မနက် ၆ နာရီ ကနေ ဒီကနေ့ မနက် ၆ နာရီ အထိ ၂၄ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ် ၂၆ ကြိမ် လှုပ်ခဲ့တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။
“ ငလျင်ဖြစ်တဲ့အတွက် အတိအကျ ကြိတင်ခန့်မှန်းခြင်း မပြုနိုင်ပါ။ ၁ လ – ၂ လ တော့ ကြာနိုင်မယ် မှန်းပါတယ်။ အဲ့ဒီထက် နည်းရင်လဲ နည်းနိုင်မှာပါ “ လို့ ဦးဝင်းနိုင်က ဒီကနေ့မှာ မှတ်ချက်ပြု ပြောဆိုထားပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲငလျင်ငယ်တွေကတော့ ပြတ်ရွေ့ကြီးလှုပ်ရှားသွားတဲ့ အရွေ့ neutralize ဖြစ်တဲ့အထိလှုပ်နေဦးမှာဖြစ်ပြီး ဒီရက်တွေထဲ တစ်ရက်ကို အကြိမ် ၂၀ ဝန်းကျင် ဆက်လှုပ်နေမှာ ဖြစ်တဲ့အပြင် တဖြည်းဖြည်းနဲ့တော့ လျော့နည်းလာနေတာကြောင့် စိုးရိမ်ပူပန်စိတ်တွေကို လျှော့ချပြီး ပြန်လည်ရုန်းထနိုင်အောင် စိတ်ဓါတ်တွေ ပြင်ကြပါလို့လည်း သူက သတိပေးထားပါတယ်။
ငလျင်ကြီးကြောင့် ထိခိုက်သွားရတဲ့ ဧရိယာတွေကို ဂြိုလ်တုတွေကနေ ရိုက်ယူကြပြီး US base /EU base /Japanbase /Chinabase စတဲ့ တွက်ချက်မှုတွေ သုံးသပ်မှုတွေကိုလည်း ငလျင်ပညာရှင်တွေက ပြုလုပ်နေကြပါတယ်။
အဲဒီလိုပြုလုပ်ရာမှာ လတ်တလော အကောင်းဆုံးဂြိုလ်တုပုံတွေကတော့ တရုတ်ဂြိုလ်တုတွေဖြစ်ပြီး တရုတ်ပညာရှင်တွေကလည်း တွက်ချက်ပြီးနေပြီလို့ စစ်ကိုင်းငလျင်ကြီးနဲ့ ပတ်သတ်ပြီး လေ့လာနေတဲ့ Psc Myanmar Off-road ကလည်း ယူဆထားပါတယ်။
ငလျင်ကြောင့် အဆောက်အဦတွေရဲ့ တိမ်းစောင်းတာ ပြိုကျတာတွေကို တွက်လို့ ရပေမဲ့ မပြိုမလဲပဲ ထိခိုက်နေကြတာတော့ တွက်မရဘူးလို့ Psc Myanmar Off-road ကဆိုပါတယ်။
ဒါကြောင့် ကျေးရွာ/ရပ်ကွက်ပေါင်း (၁၀၀၀) ကျော်ခန့် အိမ်ထောင်စု တစ်သိန်းခွဲ ခန့်နဲ့ လူဦးရေ ခြောက်သောင်း ကျော်လောက် အိုးအိမ်ပြဿနာဖြစ်ပြီး ၊ ငလျင်ဘေးသင့်သူ ခြောက်သိန်း ခန့်ရှိနေတယ်လို့ သိရပါတယ်။
နေအိမ်ပြဿနာအတွက် သုည ဒသမ ၅ သန်းဝန်းကျင်ရှိသလို အထွေထွေသောကက သုည ဒသမ၅ သန်းဝန်းကျင် ရှိတယ်လို့ မှန်းဆထားပြီး ၂၀၁၉-၂၀ လူဦးရေနဲ့ သန်းခေါင်စာရင်းအရ မှန်းဆရတာဖြစ်လို့ တိကျမှု ၇၀ ရာခိုင်နှုန်းခန့် ရှိမယ်လို့ သိရပါတယ်။
အဆောက်အဦ ငါးသောင်းဝန်းကျင်ခန့် ပျက်စီးတာကြောင့် အန္တရာယ်ရှိ အဆောက်အဦတွေကို ရက်ပိုင်းအတွင်းမှာ ရှင်းလင်းဖို့ လိုတယ်လို့ Psc Myanmar Off-road ကရေးသားထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီကတော့ လူနေအိမ် ၆ သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၃,၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂,၃၆၆ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃,၆၇၈ လုံး၊ တံတား ၁၅၅ စင်း၊ ဘုရားစေတီပုထိုးပေါင်း ၅,၆၂၀ ဆူ ပြိုကျပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်