စစ်တပ် ပစ်ဒဏ်ခတ်ခြင်းမခံရမှုသည် အပြစ်မဲ့ပြည်သူများ၏ အသက်များ တန်ဖိုးမရှိသယောင်ဖြစ်နေဟု ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ

Author လင်းခိုင်
Categories
Published on Oct 22, 2022

အကြမ်းဖက်စစ်တပ်သည် ပစ်ဒဏ်ခတ်ခြင်းမခံရမှုသည် အပြစ်မဲ့ပြည်သူများ၏ အသက်များ တန်ဖိုးမရှိသယောင်ဖြစ်နေကြောင်း သံအမတ်ကြီး ဦးကျော် မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တင်ပြခဲ့သည်။

အောက်တိုဘာ ၂၁ ရက်က နယူးမောက်မြို့တွင် ပြုလုပ်သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးရာ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့်အတူ အင်တာနတ်ဖြတ်တောက်မှုစသည့် ကန့်သတ်ချက်များကြောင့် right to privacy နှင့် right to life တို့ကို ထိပါးစေကြောင်း၊ ဒေသအတော်များများ ၌ လက်ကိုင်ဖုန်းတွင် ပါ၀င်သော အကြောင်းအရာများကို ပြသရန် ငြင်းဆန်သည်နှင့် စစ်သားများ၏ ပစ်သတ်ခြင်းခံရသည့် သာဓကများရှိနေကြောင်း သံ အမတ်ကြီးက ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီသည် ပစ်မှတ်ထားသည့် ပုဂ္ဂိုလ် အား မတွေ့ရှိပါက ယင်းတို့နှင့် ဆက်နွယ်မှု တစ်ခုခုရှိသူ တစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းချုပ်သည့် နည်းလမ်းကို အသုံးပြုလျှက်ရှိပြီး ပစ်မှတ်ထားခံရသူ ဖမ်းဆီးရမိမှသာလျှင် ပြန်လွှတ်ပေးမှုသည် အင်မတန်လူသားမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု သံအမတ်ကြီးက ကုလအစည်းအဝေး၌ တင်ပြခဲ့သည်။

တစ်ဖက်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေသည် နေ့စဉ်ဆိုးရွားလာပြီး၊ ဆယ်စုနှစ်များစွာ ပြုလုပ်ခြင်းမရှိသည့် သေဒဏ်စီရင်မှုကိုပင် ပြုလုပ်ခဲ့ပြီး၊ အကျိုးအကြောင်း မဖော်ပြနိုင်သည့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှုများစွာရှိသည့်အပြင် ကျန်ရစ်သူမိသားစုများအနေဖြင့် ရုပ်အလောင်းများကိုပင် ကြည့်ရှု့ခွင့် သို့မဟုတ် မီးသင်္ဂြိုလ်ခွင့်ပင် မရကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၆၂၆ ရက်ကျော်တွင် လူပေါင်း ၂၃၇၆ အား စစ်တပ်မှ ရက်စက်စွာသတ်ဖြတ်ခံခဲ့ကြောင်း၊ နိုင်ငံတကာ မှ ဖိအားပေးသော်လည်း စစ်တပ်အနေဖြင့် ပစ်ဒဏ်ခြင်းမခံရဘဲ ဆက်လက်ရှိနေရာ၊ မိမိပြောကြားခဲ့မှုများမရှိခဲ့သယောင် အပြစ်မဲ့ပြည်သူများ၏ အသက်များကို တန်ဖိုးမရှိသယောင် ဖြစ်နေသည်ဟု သံအမတ်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကြောင့်သေဆုံး ခဲ့ရသည့် ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘ၀များသည် တန်ဖိုးရှိပြီး အရေးကြီးကြောင်း၊ စစ်အာဏာရှင် ချုပ်ငြိမ်းစေရန်နှင့် မြန်မာပြည်သူများအတွက် ဒီမိုက ရေစီစနစ်ပြန်လည်ထွန်းကားလာစေရန် ကုလသမဂ္ဂအထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်ဆန်တိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် သံအမတ် ကြီးက ထပ်မံတောင်းဆိုခဲ့သည်။