စစ်ကောင်စီခါင်းဆောင်ကို စုဝေးဆန္ဒပြနေကြတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံမှာကျင်းပတဲ့ BIMSTEC အစည်းအဝေး လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ဖြစ်သူကို ဆန္ဒပြ မောင်းထုတ်နေတယ်ဆိုပြီး “သူများနိုင်ငံလာတာ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” ဆိုတဲ့ ဖော်ပြချက်နဲ့အတူ Tik Tok က ရုပ်သံတစ်ခု Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အဲ့ဒီ Post ကို “သူပုန်မလေး” ဆိုတဲ့ အကောင့်ကနေဒီကနေ့ မတ်လ ၄ ရက်နေ့ မနက် ၁၂ နာရီ လောက်မှာ တင်ခဲ့တာကိုတွေ့ရှိရပြီး လက်ရှိအချိန်ထိ အဆိုပါ Post ကို ကြိုက်နှစ်သက်သူပေါင်း ၁၈,၀၀၀ ကျော်၊ မှတ်ချက်ပေါင်း ၁၆၀၀၀ ကျော်၊ ပြန်လည်မျှဝေသူပေါင်း ၁၃၃၀၀ ကျော်နဲ့ အဆိုပါ ရုပ်သံကို ကြည့်ရှုပြီးသူပေါင်း ၁ ဒသမ ၃ သန်းကျော်ရှိတာကို တွေ့ရပါတယ်။
အဆိုပါ ရုပ်သံကို ကြည့်ရှုရန် – https://surl.li/ruxxlr
ဒါ့အပြင် အဆိုပါ ရုပ်သံကိုပဲ အခြားသော Facebook သုံးစွဲသူများကလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ မောင်းထုတ် နေတယ်ဆိုတဲ့ ဖော်ပြမှု တွေနဲ့ မျိုးစုံ မျှဝေ ဖော်ပြနေသလို YouTube မှာလည်း ထပ်ဆင့် မျှဝေနေတာကိုလည်း တွေ့ရှိရပါတယ်။
အဆိုပါ ရုပ်သံကို CJ Platform အနေနဲ့ စိစစ်ကြည့်ရာမှာ စစ်ကောင်စီခါင်းဆောင်ဖြစ်သူကို ဆန္ဒပြသည့် ရုပ်သံမဟုတ်ဘဲ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ သစ်တောထိန်းသိမ်းရေးဥပဒေနဲ့ ပတ်သက်ပြီး လယ်သမားသမဂ္ဂများနဲ့ ရွာသူရွာသားများက ချင်းမိုင်မြို့က ခရိုင်ရုံးမှာ စုဝေးဆန္ဒပြကြတဲ့ ရုပ်သံဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။
အဆိုပါ ချင်းမိုင် ဆန္ဒပြမှုသတင်းကို ဒေသတွင်း သတင်းဌာနက ဖော်ပြထားမှုကို အောင်ပါ လင့်ခ်ကနေ တဆင့် ဖတ်ရှုနိုင်ပါတယ်။
Tik Tok မူရင်း ရုပ်သံကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ် – https://surl.li/tjyreg
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့အတွက် ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး မင်းအောင်လှိုင် တည်းခိုတဲ့ ရှန်ဂရီလာဟိုတယ်အနီးမှာရှိတဲ့ ကျောက်ဖရားမြစ်ပေါ်က Somdet Chao Phraya တံတားပေါ်မှာ “We do not welcome Murderer Min Aung Hlaing “ဆိုတဲ့ စာသားကို ချိတ်ဆွဲပြီး ထိုင်းပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။