ညောင်တုန်းမှာ စစ်မှုထမ်းကြေးမပေးလို့ တစ်ရပ်ကွက်လုံးရှိ လူငယ်တွေကို စာရင်းသွင်းဖို့ ဆင့်ခေါ်ခံရ

ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ စစ်မှုထမ်းကြေး မပေးတာကြောင့် စစ်ကောင်စီက ရပ်ကွက်တစ်ခုလုံးရှိ စစ်မှုထမ်းရမယ့် လူငယ်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကတဆင့် စစ်မှုထမ်းစာရင်းသွင်းဖို့ မတ်လ ၂၇ ရက် မနေ့က ဆင့်ခေါ်ခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အမှတ် ၂ ရပ်ကွက်ရှိ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားအားလုံးကို ဆင့်ခေါ်စာ ပေးပို့ခဲ့တာဖြစ်ပြီး ပျက်ကွက်ပါက စစ်မှုထမ်းဥပဒေအရ အရေးယူခံမယ်လို့ ဆင့်ခေါ်စာထဲ ရေးသားထားကြောင်း စုံစမ်းသိရှိရပါတယ်။
“ ရပ်ကွက် တစ်ခုလုံးလိုက်ပေးတာ။ လူမရှိတဲ့သူတွေလည်း နာမည်စာရင်းထဲပါတယ်။ နိုင်ငံခြား အလုပ်သွားလုပ်သူတွေရော အကုန်လုံးပဲ။ ပြေးတဲ့သူတွေလည်း ပြေးကုန်ကြပြီ” လို့ အသက် ၃၅ ဝန်းကျင် မြို့ခံအမျိုးသမီး တစ်ဦးက CJ Platform ကိုပြောပါတယ်။
အခုလို့ စာရင်းသွင်းဖို့ မြို့နယ်ရုံးကနေ ဆင့်ခေါ်ခံရတာကြောင့် ရပ်ကွက်အတွင်းရှိ လူငယ်တွေလည်း ထိတ်လန့်နေကြတယ်လိ့ သူကဆက်ပြောပါတယ်။
ညောင်တုန်းမြို့မှာ ရပ်ကွက် ၁၀ ခုရှိတဲ့အနက် အမှတ် ၂ ရပ်ကွက် တစ်ခုထဲကိုသာ ဆင့်ခေါ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေကတော့ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်ကို တစ်သောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ ပေးဆောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
အမှတ် ၂ ရပ်ကွက်အတွင်း စစ်မှုထမ်းကြေးကောက်ခံရာမှာ အနည်းစုသာ ပေးဆောင်ကြတာကြောင့် ပေးဆောင်ထားသူ လူနည်းစုကို ငွေပြန်အမ်းခဲ့ပြီး နောက်တစ်နေ့မှာပဲ အခုလို စစ်မှုထမ်းစာရင်းသွင်းဖို့ ဆင့်ခေါ်စာပို့ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦး ရဲ့ပြောဆိုချက်အရ သိရပါတယ်။
“ ဒီလက တစ်ယောက်မဖြစ်မနေပေးရမှာ လူစားထိုးငှားထားသူကလည်း လိုက်မယ်ပြောပြီး အခုတော့ ထွက်ပြေးနေတယ် ကြားတယ်။ မြို့နယ်ကိုငွေပေးရဖို့လည်း မထည့်ကြတော့ အခုလိုလုပ်လိုက်တာ” လို့ သူက CJ Platform ကိုပြောပါတယ်။
အမှတ် ၂ ရပ်ကွက်အတွင်း အိမ်ထောင်စုတစ်ခုကို တစ်သောင်းခွဲကနေ နှစ်သောင်းခွဲခန့် စစ်မှုထမ်းကြေး ကောက်ခံတာဖြစ်ပြီး စစ်မှုထမ်းလူငယ်မရှိတဲ့ အိမ်ထောင်စုနဲ့ နေအိမ်မှာမရှိပဲ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထွက်လုပ်ကိုင်နေကြတဲ့ အိမ်ထောင်စုတွေက ကောက်ခံတဲ့ငွေကို ငြင်းဆိုနေကြပြီး ထည့်ဝင်ခြင်း မရှိတာကြောင့် စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ရဲ့ ပေးပို့စာမှာတော့ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို မပျက်မကွက် သတင်းပို့ရမှာဖြစ်ပြီး သတင်းပို့ရာမှာ မှတ်ပုံတင် ယူဆောင်လာရမယ်လို့ ပါရှိပါတယ်။
“ အသိပညာပေး ဟောပြောမယ်လို့လည်း ကြားတာပဲ၊ ဘာဖြစ်လာအုံးမလဲတော့ မသိဘူး။ အားလုံးက စိုးရိမ်နေကြတော့ အုပ်ထိန်းသူတွေပဲ သွားဖို့များပါတယ်။ ရပ်ကွက်ကလည်း လူမညီကြဘူး” လို့ ဒီအကြောင်းသိရှိသူ မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အခု စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေတာဟာ စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက်ဖြစ်တယ်လို့ သိရပြီး စစ်မှုထမ်း ရှောင်ရှားနိုင်ဖို့ လူငယ်လူရွယ် တွေဟာ ငွေကြေးနဲ့ဖြေရှင်းတာ ပြည်ပထွက်အလုပ်လုပ်ကိုင်တာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြတာ တွေပြုလုပ်နေတာပါ။
ဥပဒေနဲ့မညီပဲ စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းအချို့မှာ အခက်အခဲအကြပ်အတည်းတွေ ဖြစ်ပေါ်လာပြီး အဲဒီပြသနာတွေကို နေ့စဉ်နဲ့အမျှ နိစ္စဓူဝပြသနာအဖြစ် ဖြေရှင်းနေရတယ်လို့ မတ်လ ၂၀ ရက်နေ့က ကလောတပ်နယ်ရှိ သူ့တပ်ဖွဲ့တွေကို စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပါတယ်။
အဘက်ဘက်က စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုကြေညာခဲ့သလို သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းမှာ စတင်မယ်လို့ ပြောဆိုခဲ့ပေမဲ့ အဲဒီနှစ် မတ်လထဲမှာပဲ တပ်သားသစ်တွေကို အဓမ္မစုဆောင်းနေရာမှာ အခုဆို တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။
လက်ရှိ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရေးတွေမှာ ၎င်းတို့ခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်သူလူထုအပေါ် လာဘ်စားမှု၊ ဖိနှိပ်ခြိမ်းခြောက်မှုတွေ အများအပြား လုပ်ဆာင်နေကြဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့