“ရွှေဈေးတွေ တက်လာပြန် ” “ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

ဒီတစ်ပတ် ကမ္ဘာရွှေဈေးနှုန်းတွေ မြင့်တက်ခဲ့သလို မြန်မာ့ရွှေဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်လာခဲ့ပြန်ပါတယ်။
ပြီးခဲ့အပတ်က ၁၆ ပဲရည်တစ်ကျပ်သားကို ငါး သောင်းကျပ်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးနှုန်းတွေ ဒီတစ်ပတ်မှာတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ရှစ် သောင်းကျပ် ဆက်လက် မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ အင်္ဂါနေ့မှာ ၆၆ သိန်း တစ်သောင်းအထိ အနိမ့်ဆုံးကျခဲ့ပေမဲ့ နောက်တစ်နေ့ကစလို့ နေ့စဉ်အနည်းငယ်ဆီပြန်တက်ခဲ့ပြီး စနေနေ့ဈေးကွက်ပိတ်ချိန်မှာတော့ ၆၇ သိန်း သုံးသောင်းနဲ့ ဈေးကွက်ပိတ်သွားခဲ့တာပါ။
တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ရှစ်သောင်းကျပ် မြင့်တက်လာတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းကတော့ တစ်ကျပ်သားကို တစ်သောင်းကျပ် ကျသွားတာကို တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ အမြင့်ဘက်ကိုသာတက်လှမ်းနေပြီး အရင်အပတ်ကထက် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာမြင့်တက်လာတာကိုတွေ့ရပြီး ဒီတစ်ပတ်ဈေးကွက်ပိတ်ချိန်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၉၈၆ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။
ဒီတပတ်ရဲ့ စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီ မီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၃ သိန်း သုံးသောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၇ သိန်း သုံးသောင်းရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်း ရှစ်သောင်း ကျပ်ဈေးဖြစ်ပါတယ်။