ငပုတောမှာ စစ်မှုထမ်းဖို့စည်းရုံးခံရတဲ့ လူငယ်တစ်ဦး နေမကောင်းတဲ့ကြားက ရှေ့တန်းပို့လို့ သေဆုံး

Author CJ Platform
Categories
Published on Mar 12, 2025

ငပုတောမြို့နယ် မကျည်းပင်ကျေးရွာ ကွက်သစ်ရပ်ကွက်(အမှတ် ၃ ရပ်ကွက်)က စစ်မှုထမ်းဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက စည်းရုံးထည့်ပေးလိုက်တဲ့ လူငယ်တစ်ဦးဟာ ကျန်းမာရေးမကောင်းတဲ့ကြားကနေ ရှေ့တန်းပို့ခံရတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

အသက် ၂၄ နှစ်အရွယ်ရှိ သေဆုံးသူ ကိုအောင်ကိုကို(ခ)မိုးချောဟာ ကျောက်ကပ်ရောဂါခံစားနေရတာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူဖြစ်ပြီး ရှေ့တန်းကို ရိက္ခာပို့သွားရောက်ဖို့ စေခိုင်းခံရတာကြောင့် ရိက္ခာပို့အပြန်မှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ မင်းကတစ်နေ့ ငါတို့အလေးပြုရမယ့် အရာရှိတောင်ဖြစ်လာမှာဆိုပြီး အုပ်ကြီးက စည်းရုံးထည့်လိုက်တာလေ။ နေမကောင်းလို့ စစ်မတိုက်ခိုင်းပဲ ရိက္ခာပို့ခိုင်းတာ။ အဲဒီကား တိုက်ခိုက်ခံရလို့ သေတဲ့အထဲပါသွားတာ” လို့ ဒီအကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ရှေ့တန်းတစ်နေရာကို ရိက္ခာသွားပို့ပြီးအပြန် ကြံခင်းမြို့နယ်ထဲ တိုက်ခိုက်ခံရတာဖြစ်ပြီး သူအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

 

သေဆုံးသူကိုရည်စူးပြီး ပြုလုပ်မယ့် ရက်လည်ဆွမ်းသွပ်ကိုတော့ မိသားစုဝင်များက လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

မကျည်းပင်ကျေးရွာအတွင်းမှာလည်း အဓမ္မစစ်မှုထမ်း ခေါ်ဆောင်တာတွေရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ ပေါ်တာဆွဲတယ်ပြောပါက အရေးယူခံရမယ်လို့ မိုက်နဲ့ ကြေညာသတိပေးတာမျိုးတွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လက်ရှိမှာ ကျေးရွာအတွင်း လူငယ်တွေ ကိစ္စအထွေအထူးမရှိပါက အပြင်သွားလာခြင်းမပြုကြတော့ပဲ ကျေးရွာဘော်လီဘောကွင်းမှာလည်း ကစားသူမရှိ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စပိုင်းကစလို့ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး တပ်သားသစ်များ အဓမ္မစုဆောင်းနေပြီး တိုက်ပွဲများဖြစ်ပွားရာဒေသတွေကို စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို ပို့ဆောင်နေတာကြောင့် မိသားစုနဲ့ အဆက်အသွယ်မရရှိတော့ပဲ သေဆုံးသူအများအပြားရှိသလို တော်လှန်ရေးတပ်ဖွဲ့များဆီ လက်နက်ချ အညံ့ခံသူအများအပြားရှိလာနေတာပါ။

 

လက်ရှိမှာ ရခိုင်ပြည်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ ပဲခူး မကွေး အစပ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက စစ်သည်အင်အားပြုန်းတီးလာနေတာကြောင့် စစ်အင်အားလိုအပ်ချက်ကို စစ်မှုထမ်းသင်တန်းဆင်း တပ်သားအသစ်တွေနဲ့ ဖြည့်တင်းနေလျက်ရှိနေပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူထားတဲ့ လူငယ်အချို့ကို မြင်ရပုံ