၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ WHO ကသတ်မှတ်ထားတဲ့ လေထုအရည်အသွေး ပြည့်မီတဲ့ နိုင်ငံ ခုနစ်နိုင်ငံသာရှိ

Author အဂ္ဂ
Categories
Published on Mar 12, 2025

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ လေထုအရည်အသွေး စံချိန်စံညွှန်းတွေကို ပြည့်မီတဲ့ နိုင်ငံက ခုနစ်နိုင်ငံပဲ ရှိတယ်လို့ ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အမေရိကန်ပြည်ထောင်စုက သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လေထုအရည်အသွေး စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာကြောင့် (လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာတဲ့) မီးခိုးမြူနဲ့ ပတ်သက်တဲ့ တိုက်ပွဲဟာ ပိုပြီးခက်ခဲလာနိုင်တယ်လို့ သုတေသီတွေက သတိပေးနေခိုက်မှာပဲ အခုလိုမျိုး အစီရင်ခံစာက ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံက IQAir လေထုအရည်အသွေး စောင့်ကြည့်ရေးကုမ္ပဏီရဲ့ ကိန်းဂဏန်းအချက်လက်တွေ အရ ၂၀၂၄ ခုနှစ်အတွင်းမှာ အာဖရိကတိုက် အလယ်ပိုင်းမှာရှိတဲ့ ချဒ်သမ္မတနိုင်ငံနဲ့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ ကမ္ဘာပေါ်က လေထုအညစ်ညမ်းဆုံး နိုင်ငံတွေဖြစ်ပြီး WHO က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် ၁၅ ဆကျော် ပိုများနေတယ်လို့ သိရပါတယ်။

 

ဩစတေးလျ၊ နယူးဇီလန်၊ ဘဟားမား၊ ဘာဘေးဒိုးစ်၊ ဂရီနေဒါ၊ အက်စ်တိုးနီးယားနဲ့ အိုက်စလန် နိုင်ငံ စတဲ့ ခုနစ်နိုင်ငံကပဲ သတ်မှတ်လေထုအရည်အသွေးပြည့်မီခဲ့တယ်လို့  IQAir ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေထုအရည်အသွေးအခြေအနေ အားလုံးကို သိရဖို့က ခက်ခဲလျက်ရှိပြီး အထူးသဖြင့် အာရှနဲ့ အာဖရိကနိုင်ငံတွေရဲ့ အချက်အလက်တွေကလည်း ရယူနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားဟာ သူတို့နိုင်ငံရဲ့ လေထုညစ်ညမ်းမှု အဆင့်တွေကို စောင့်ကြည့်လေ့လာဖို့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ တပ်ဆင်ထားတဲ့ လေထုအရည်အသွေးအာရုံခံ ကိရိယာတွေကိုပဲ အားထားနေကြရတယ်လို့လည်း ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ထရမ့်တက်လာပြီးနောက်ပိုင်း ဘဏ္ဍာရေး အခက်အခဲတွေကို ထောက်ပြပြီး ပြီးခဲ့တဲ့ အပတ်မှာပဲ သူတို့တွေရဲ့ လေထုအရည်အသွေးစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်ကနေ ချဒ်နိုင်ငံမှာ စုဆောင်ထားတဲ့ အချက်အလက်တွေအပါအဝင် ၁၇ နှစ်ကျော်စာ အချက်အလက်တွေ အားလုံးကို ဖယ်ရှားခဲ့ပြီး လေထုအရည်အသွေးစောင့်ကြည့်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

 

“နိုင်ငံအများစုက အချက်အလက်တွေ ရရှိနိုင်မဲ့ ရင်းမြစ် အနည်းအကျဉ်းပဲ ရှိကြတာပါ၊ ဒါပေမဲ့ အခုကိစ္စက အာဖရိကကို ပိုပြီး သိသိသာသာ ထိခိုက်ပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ အများအားဖြင့်  ဒီအရာ (ကန်ရဲ့ အချက်အလက်) တွေကလေထုအရည်အသွေးစောင့်ကြည့်လေ့လာရေး အချက်အလက်တွေကို အများပြည်သူ  အချိန်နဲ့တပြေးညီ သိရှိနိုင်မဲ့ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်နေလို့ပါပဲ” လို့ IQAir ရဲ့ လေထုအရည်အသွေးသိပ္ပံ မန်နေဂျား ခရစ်စတီချက်စတာရှိုးဒါး က ပြောပါတယ်။

 

၂၀၂၃ ခုနှစ်မှာ အချက်အလက်ရယူဖို့ ခက်ခဲမှုတွေရှိတာကြောင့် ချဒ်နိုင်ငံကို IQAir ရဲ့ လေထုအညစ်ညမ်းဆုံး နိုင်ငံတွေစာရင်းကနေ ဖယ်ထုတ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်တုန်းကတော့ ဆာဟာရသဲကန္တာရရဲ့ သဲမှုန်တွေနဲ့ မထိန်းချုပ်နိုင်တဲ့ သီးနှံမီးရှို့မှုတွေကြောင့် ချဒ်နိုင်ငံကို လေထုအညစ်ညမ်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။.

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ချဒ်နိုင်ငံရဲ့ လေထုဟာ PM2.5 လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ လေထဲက အမှုန်အမွှားတွေဟာ တစ်ကုဗမီတာကို ၉၁ ဒသမ ၈ မိုက်ခရိုဂရမ် အထိရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကထက် အနည်းငယ် ပိုမြင့်မားခဲ့ပါတယ်။

 

WHO က PM2.5 ဟာ တစ်ကုဗမီတာကို ၅ မိုက်ခရိုဂရမ်ထက် မပိုဖို့ အကြံပြု လမ်းညွှန်ထားပေမဲ့ ပြီးခဲ့တဲ့ နှစ်အတွင်း မြို့ကြီးတွေရဲ့ စုစုပေါင်း ၁၇ ရာခိုင်နှုန်းကသာ သတ်မှတ်ချက်ကို ပြည့်မီခဲ့တယ်လို့ သိရပါတယ်။

 

ချဒ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတွေဟာ လေထုအညစ်ညမ်းဆုံး စာရင်းမှာ အစဉ်လိုက် တည်ရှိနေပြီး ပဉ္စမနေရာမှာရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပျှမ်းမျှ PM2.5 ပမာဏဟာ အရင်ကထက် ၅၀ ဒသမ ၆ မိုက်ခရိုဂရမ်အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်က လေထုအညစ်ညမ်းဆုံး မြို့ ၂၀ ထဲမှာ ၁၂ မြို့အထိ ပါဝင်နေပြီး နိုင်ငံမြောက်ပိုင်းက စက်မှုထွန်းကားရာဒေသဖြစ်တဲ့ ဘိုင်နီဟတ်မြို့က လေထုအညစ်ညမ်းဆုံး မြို့အဖြစ်ရှိနေပြီး  PM2.5 ပါဝင်မှုက ၁၂၈ မိုက်ခရိုဂရမ်အထိ ရှိပါတယ်။

 

ရာသီဥတုပြောင်းလဲမှုဟာ လေထုညစ်ညမ်းမှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ တစ်စထက် တစ်စပိုပိုပြီး ပါဝင်နေသလို တောင်အမေရိကနဲ့ အရှေ့တောင်အာရှတို့မှာလည်း အပူချိန် မြင့်တက်လာမှုကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုပြီး ပြင်းထန်လာကာ နေရာအတော်များများ လောင်ကျွမ်းခဲ့ရတယ်လို့လည်း မစ္စတာ ချက်စတာရှိုးဒါးက သတိပေးပြောဆိုပါတယ်။

 

အမေရိကန်က လေထုစောင့်ကြည့်ရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်တာကြောင့် နိုင်ငံပေါင်း ၃၄ နိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်တွေကို ရရှိတော့မှာ မဟုတ်ဘူးလို့ ရှီကာဂို တက္ကသိုလ်က စွမ်းအင်မူဝါဒအင်စတီကျု (EPIC) က လေထုသန့်ရှင်းရေးအစီအစဉ်ရဲ့ ဒါရိုက်တာ ခရစ်စတာ ဟာဆန်ကော့ဖ်က ပြောပါတယ်။

 

အမေရိကန်ရဲ့ လေထုစောင့်ကြည့်ရေးအစီအစဉ်ဟာ စောင့်ကြည့်ရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ မြို့တွေရဲ့ လေထုအရည်အသွေးကို မြှင့်တင်ပေးခဲ့သလို၊ လူ့သက်တမ်းပိုရှည်အောင်လည်း ကူညီပေးနိုင်ခဲ့ပြီး အန္တရာယ်ရှိတဲ့ နေရာမှာတာဝန်ထမ်းဆောင်မဲ့ သံတမန်တွေကို ပေးရတဲ့ ထောက်ပံ့ကြေးတွေပါ လျှော့ချနိုင်တာကြောင့် ကောင်းမွန်တဲ့ အစီအစဉ်လည်း ဖြစ်တယ်လို့ ဟာဆန်ကော့ဖ်က ဆိုပါတယ်။

 

“(အဲဒီအစီအစဉ်ရပ်နားလိုက်တာက) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အတွက် ကြီးမားတဲ့ ထိခိုက်မှုတစ်ခု ဖြစ်ပါတယ်” လို့လည်း ၎င်းက ဆက်ပြောပါတယ်။

 

ဓာတ်ပုံ- REUTERS/Mohammad Ponir Hossain

 

ပုံစာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ဖုန်ထူနေတဲ့လမ်းမတစ်ခုပေါ်မှာ သွားလာနေတဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က တွေ့မြင်ရစဉ် (ပုံအဟောင်း)

 

ကိုးကား – Reuters

Related News

Depend on news