“အနည်းငယ်ကျထားတဲ့ ရွှေဈေး ပြန်တက်လာ ” “ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (မတ်လ ၁  ရက်ကနေ ၈   ရက်နေ့အထိ)

Published on Mar 09, 2025

ပြီးခဲ့တဲ့ အပတ်က ကမ္ဘာရွှေဈေးနှုန်းနဲ့ မြန်မာ့ရွှေဈေးနှုန်းတွေ အပြောင်းအလဲအချို့ ဖြစ်ခဲ့ပြီး အနည်းငယ်ကျသွားခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

 

ဒီနှစ်ထဲ အမြင့်ဘက်ကိုရောက်ရှိနေတဲ့ ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲတဲ့ ဖေဖော်ဝါရီလအတွင်း တစ်သိန်းကျပ် မြင့်တက်ခဲ့သလို အခုမတ်လ ပထမ အပတ်မှာတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ငါး သောင်းကျပ် စတင်မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

 

ဒီတစ်ပတ်ထဲ အမြင့်ဆုံးအနေနဲ့ မတ်လ ၆ ရက်နေ့ ကြာသပတေးနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၆ သိန်း ရှစ် သောင်း အထိ မြင့်တက်ခဲ့ပြီး အဲဒီနေ့ဈေးကွက်ပိတ်ချိန်မှာ လေးသောင်းကျပ် ပြန်ကျသွားခဲ့ပါတယ်။

 

တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းကျပ် မြင့်တက်လာတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းလည်း တစ်ကျပ်သားကို လေးသောင်းကျပ် တက် တာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် ရွှေဈေးနှုန်းကျခဲ့တာကို တွေ့ရှိရပြီး ဒီတစ်ပတ်မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ  ၃၆ ဒေါ်လာသာ ပြန်မြင့်တက်လာကြောင့် အရင်အပတ်က ဈေးနှုန်းကိုတော့ ပြန်မရောက်ရှိသေးပဲ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၉၁၁ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။

 

ဒီတပတ်ရဲ့ စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၂ သိန်း ခြောက်သောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၆ သိန်းခွဲရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်း ကိုးသောင်း ကျပ်ဈေးဖြစ်ပါတယ်။