ပါကစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဘန်နုပြည်နယ်မှာ ယမန်နေ့ မတ်လ ၄ ရက်နေ့က ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားနှစ်စီးဟာ လုံခြုံရေးစခန်းတစ်ခုကို ဦးတည်မောင်းနှင်ပြီး အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အနီးနားမှာရှိတဲ့ ပြည်သူတွေထဲက ကလေးငယ် ၇ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၃၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ ဗလီတစ်ခုရဲ့ အမိုးပြိုကျခဲ့ပြီး အခင်းဖြစ်ပွားချိန်ဟာ (အစ္စလာမ် ဘာသာဝင်တို့ရဲ့) ရမ်ဇန်ဥပုသ်လရဲ့ ဝါဖြေပြီးချိန်ဖြစ်တာကြောင့် ဈေးထဲမှာလည်း လူတွေနဲ့ စည်ကားနေတဲ့ အချိန်လည်းဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိ တစ်ဦးက ပြောဆိုပါတယ်။
ပေါက်ကွဲမှုအပြီးမှာ လက်နက်ကိုင်ထားတဲ့ စစ်သွေးကြွတွေက စစ်တပ်စခန်းထဲဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် လက်နက်ကိုင် စစ်သွေးကြွ ခြောက်ဦးသေဆုံးခဲ့တယ်လို့လည်း အရာရှိက ဆိုပါတယ်။
ဘန်နူဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဒ်နော်မန်က ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိပြီး သူတို့တွေဟာ ပြိုကျတဲ့ အဆောက်အဦနဲ့ နံရံတွေအောက်မှာ ပိတ်မိခဲ့တဲ့ အရပ်သားတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဆေးရုံရဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာ ကလေးငယ် ၇ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြိုကျနေတဲ့ အဆောက်အဦအောက်မှာ ပိတ်မိပြီး သေဆုံးနေတဲ့ သူတွေ ရှိမရှိ ဆက်လက်ရှာဖွေနေကာ ဒေသခံတွေကလည်း ပြိုကျထားတဲ့ အုတ်ပုံတွေကြားထဲမှာ အပျက်အစီးအပိုင်းအစတွေကို ရှင်းလင်းနေတာကိုလည်း အခင်းဖြစ်ပွားရာ နေရာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေထဲမှာ တွေ့မြင်ရပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှဘက်ဇ် ရှရစ် ကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး “ပါကစ္စတန်ရဲ့ ရန်သူတွေရဲ့ ဆိုးရွားတဲ့ ရည်မှန်းချက်တွေဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။ အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ (TTP) ကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပါကစ္စတန်- အာဖဂန်နယ်စပ်အနီးနားမှာရှိတဲ့ ရဲနဲ့ စစ်တပ်စခန်းတွေကို မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခိုင်ဘာပတ်ထွန်ခွာ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် အလီအာမင် ဂန်ဒပါးရ်ကလည်း ဒီဖြစ်စဉ်ကို ရှုတ်ချပြောဆိုခဲ့ပြီး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရဲအရာရှိတွေ ဆီကနေ အစီရင်ခံစာ တောင်းဆိုထားတယ်လို့ ပြောဆိုပါတယ်။
ဓာတ်ပုံ – Reuters/ Stinger
ပုံစာ- ပေါက်ကွဲမှုဖြစ်ပြီးနောက် လူနာတင်ကားတစ်စီးအနားတွင် လူများအုံနေသည်ကို တွေမြင်ရပုံနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဘန်နုဆေးရုံတွင် ကုသမှုပေးထားသည်ကို တွေ့မြင်ရပုံ
ကိုးကား- Reuters