ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ခုနစ်ဦး တရားမဝင် ဈေးရောင်းချမှုနဲ့ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ဆာခုံးခရိုင်က ဈေးတစ်ဈေးမှာ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသား ခုနစ်ဦးကို တာဝန်ရှိသူတွေက တရားမဝင် ကုန်ပစ္စည်းရောင်းချမှုနဲ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးအရေးယူလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြန်မာဈေးသည်တွေက ထိုင်းဈေးသည်တွေနဲ့အပြိုင် ဈေးရောင်းချမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရရှိခဲ့ပြီးနောက်မှာ တာဝန်ရှိသူတွေဘက်က အခုလိုမျိုး စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာတွေ ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေအရ ဆမွတ်ဆာခုံးရဲ့ ကရာသမ်ဘန်ခရိုင်၊ ကလုံမဒူအာကျေးရွာအုပ်စု မှာရှိတဲ့ ဖဆိုင်းဈေးကို စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေကို ယမန်နေ့ ညနေပိုင်းမှာ စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဆမွတ်ဆာခုံးခရိုင်အုပ်ချုပ်ရေးမှူး နာရစ် နီရာမိုင်ဝေါင် က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ပြောဆိုပါတယ်။
ဈေးရောင်းချခြင်းဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပြီး ဒေသခံတွေက မြန်မာဈေးသည်တွေဟာ ဈေးနှုန်းသက်သက်သာသာ ရောင်းချတာ၊ ဘာသာစကား အားသာချက်ကို အသုံးပြုပြီး မြန်မာအလုပ်သမားတွေကို ဆွဲဆောင်တာတွေလုပ်ပြီး ထိုင်းဈေးသည်တွေနဲ့ အပြိုင်ရောင်းဖို့ လုပ်ဆောင်နေတယ်လို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံမြန်မာဈေးသည် ခုနစ်ဦးဟာ ငါးဆိုင်၊ ငါးခြောက်ဆိုင်၊ မြန်မာ အစားအစာဆိုင်နှစ်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ မိုဘိုင်းဖုန်းဆိုင်စတဲ့ ဆိုင်ခြောက်ဆိုင်မှာ လုပ်ကိုင်ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မစ္စတာနာရစ်က ပြောဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအပြင် နိုင်ငံခြားသားတွေကို ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေတာကြောင့် ထိုင်းနိုင်ငံရဲ့ Alien Business Act ဥပဒေကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- prdsamutsakhon via nation thailand
ပုံစာ- ဈေးရောင်းချနေသူများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ်
ကိုးကား- Nation Thailand