MNDAA က လားရှိုးမြို့မှာ ရှိတဲ့ လျှပ်စစ်ဝန်ထမ်း ထက်ဝက်ကျော်ကို ချင်းရွှေဟော်မြို့ကို ပို့ဆောင်

လားရှိုးမြို့နဲ့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က လာရှိုးမြို့မှာရှိတဲ့ လျှပ်စစ်ဝန်ထမ်း ထက်ဝက်ကျော်ကို ချင်းရွှေဟော်မြို့ဆီ ပို့ဆောင်ထားတယ်လို့ လားရှိုးမြို့မှာရှိတဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖေဖေါ်ဝါရီလလယ်မှာ စတင်ပို့ဆောင်ခဲ့တာဖြစ်ပြီး ချင်းရွှေဟော်မြို့မှာ လျှပ်စစ်မီးသွယ်တန်းရေးအတွက် ကျွမ်းကျင်ဝန်ထမ်းတွေ လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“တရုတ်ဘက်ကနေ လျှပ်စစ်မီးသွယ်ဖို့လို့လည်းကြားတယ်၊ ချင်းရွှေဟော်ကို ဝန်ထမ်းအတော်များများ ပို့လိုက်တယ်”လို့ လားရှိုးမြို့မှာရှိတဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် လားရှိုးမြို့ဆေးရုံကြီးက X-Ray စက်ကြီးကိုလည်း ဖြုတ်ယူကာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
“စက်ဖြုတ်ယူသွားတာမှန်တယ်၊ ဘယ်ကိုပြောင်းထားတာလဲဆိုတာတော့ စုံစမ်းလို့မရဘူး၊ ရက်ပိုင်းပဲ ရှိသေးတယ် ရက်အတိကျကို မေးဖို့မလွယ်ဘူး”လို့ သူက ဆက်ပြောပါတယ်။
လားရှိုးမြို့ကို MNDAA က ဆက်လက်သိမ်းပိုက်ထားနေပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နေပြီလို့ သိရပါတယ်။
ဓာတ်ပုံ – MNDAA
ပုံစာ – လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် မြင်ရပုံ