“ကမ္ဘာ့ရွှေဈေးမြင့်တက်နေသလို မြန်မာ့ရွှေဈေး အမြင့်ဈေးနဲ့ရပ်နေ” “ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

Published on Feb 23, 2025

ကမ္ဘာရွှေဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေသလို မြန်မာရွှေဈေးကွက်မှာတော့ ဒီတစ်ပတ်ထဲ အပြောင်းအလဲ အလှုပ်အခက်အနည်းငယ်ဖြစ်ခဲ့ပြီး အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို တစ်သောင်းကျပ် ကျဆင်းကာ အမြင့်ဈေးအတိုင်း ရှိနေပါတယ်။

 

ပြင်ပရွှေဈေးနှုန်းတွေဟာ ဒီနှစ်ထဲအမြင့်ဘက်ကိုရောက်ရှိနေပြီး အခုဖေဖော်ဝါရီ ဒုတိယပတ်ထဲအထိ အမြင့်ဘက်ကို ဆက်တက်နေရာကနေ အခုတတိယပတ်မှာတော့ တစ်သောင်းသာလျော့ကျလာတာပါ။

 

ဒီတစ်ပတ်ထဲ အမြင့်ဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၀ ကြာသပတေးနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၇ သိန်း ၂ သောင်း အထိမြင့်တက်ခဲ့ပေမဲ့ အပိတ်နေ့ စနေမှာတော့ တစ်ကျပ်သား ၆၆ သိန်း ကိုးသောင်းကျပ် ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ်ရဲ့ ရွှေဈေးကွက်အစမှာ နှစ်ရက်ဆက်တိုက်ဆက်ကျခဲ့လို့ ၆၆ သိန်း နှစ်သောင်းအထိ အနိမ့်ဆုံးရောက်ရှိခဲ့ပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေး နှစ်ရက်မှာ ပြန်တက်ခဲ့လို့ ဒီအပတ်ရဲ့ အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိခဲ့တာတွေ့ရပါတယ်။

 

အဲဒီနောက် နောက်တစ်နေ့ သောကြာနေ့မှာတော့ ၆၆ သိန်း ခုသောင်းထိပြန်ကျခဲ့ပြီး စနေနေ့ ဈေးကွက်ပိတ်ချိန်မှာ ၆၆ သိန်း ကိုးသောင်းနဲ့ ဈေးကွက်ပိတ်သွားခဲ့ပါတယ်။

 

တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် တစ်သောင်းသာ ကျဆင်းသွားတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းလည်း တစ်ကျပ်သားကို နှစ်သောင်းကျပ် ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ဒီတစ်ပတ်တနင်္လာနေ့က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၈၈၂ ကျော်ကနေ စနေနေ့မှာတော့ ၂၉၃၅ ကျော်အထိမြင့်တက်ခဲ့တဲ့အတွက် တစ်အောင်စကို အမေရိကန်ဒေါ်လာ  ၅၄ ဒေါ်လာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၂ သိန်း ကိုးသောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၆ သိန်း ကိုးသောင်းရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၅ သိန်း ကျပ်ဈေးဖြစ်ပါတယ်။