ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဆို

လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့နဲ့ ပပျောက်အောင်လုပ်ဆောင်ဖို့ အထူးလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မြို့နယ် လူ့အခွင့်ရေးရာ တာဝန်ခံတွေကို အသိမြင် တိုးတက်ရေး၊ စွမ်းရည်မြင့်မားရေးနဲ့ ပတ်သက်ပြီး အစီစဉ်တွေကိုလည်း လုပ်ဆောင်နေပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကာကွယ်ရေးနဲ့ ပတ်သက်တာတွေကိုလည်း ဆွေးနွေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေကို ကလေးစစ်သား အသုံးပြုတာတွေ၊ နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို မဖြစ်အောင် အထူး ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။
ဆွေးနွေးပွဲတွေမှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တာဝန်ခံတွေ တက်ရောက်ပြီးတော့ သူတို့ရဲ့ တက်တက်ကြွကြွ ဆွေးနွေးမှုတွေ၊ ရှေ့ဆက် လုပ်ဆောင်လိုတဲ့ အာသီသတွေ၊ စိတ်ထားတွေကို တွေ့ရတဲ့အတွက် ကျေနပ်အားရမိတယ်လို့လည်း ဝန်ကြီးရဲ့ ရေးသားချက်မှာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD) လက်အောက်ခံ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တပ်ရင်း( ၂)က တပ်စိတ်မှူးတစ်ယောက်ဖြစ်တဲ့ ရဲဘော် ကိုပြည့်က သူ့ကိုပြန်မကြိုက်တဲ့ အဲဒီရွာက အသက် ၂၃ နှစ်အရွယ် မယုမွန်ထိုက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ပါတယ်။