မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒ ကျင့်သုံးသူတိုင်းကို ဆန့်ကျင်ဖယ်ရှားသွားဖို့ သန္နိဌာန်ချ ရပ်တည်ရမယ်လို့ KNU ဥက္ကဌ ဆို

Author CJ Platform
Categories
Published on Feb 11, 2025

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့မှာ မဟာလူမျိုးကြီးဝါဒ အာဏာရှင်ဝါဒ ကျင့်သုံးသူတိုင်းကို ဆန့်ကျင်ဖယ်ရှားသွားဖို့ သန္နိဌာန်ချ ရပ်တည်ရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

 

နေရာအနှံ့အပြားမှာရှိနေတဲ့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ရှိတဲ့ နေရာက လူမျိုးစုတွေနဲ့ လက်တွဲပူးပေါင်းပြီး လူမျိုးစုများ ပြည်သူလူထုများရဲ့ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းကို အဟန့်အတားဖြစ်နေတဲ့ အာဏာရှင်ဝါဒနဲ့ သူ့ရဲ့ ထောက်တိုင်တွေကို ဖြိုချတိုက်ဖျက်သွားရမယ်လို့ ဆိုပါတယ်။

 

“ကရင်လူမျိုးတွေရဲ့ လိုလားချက်တွေကိုဖော်ပြခဲ့တဲ့ ၁၉၄၈ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကအတိုင်း ကျွန်တော်တို့လူမျိုးရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး လူမျိုးရဲ့ ဂုဏ်အင်လက္ခဏာတွေကို ထိန်းသိမ်းကာ လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်” လို့ KNU ဥက္ကဌက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောထားပါတယ်။

 

ဒါ့အပြင် လူမျိုးတစ်မျိုးဟာ လွတ်လပ်မှု တန်းတူညီမျှမှု ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့ အခွင့်အရေးတွေရှိရမှာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားရမှာဖြစ်ပြီး ကရင်လူမျိုးတွေရဲ့ ဖြစ်တည်မှု ရေရှည်တည်တန့်ဖို့နဲ့ ကြီးပွားတိုးတက်မှုတို့ကို ဆန့်ကျင်အဟန့်အတားဖြစ်စေတဲ့ ဝါဒဟာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒ တွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ကရင်လူမျိုးတွေရဲ့ လိုလားချက်တွေရရှိဖို့အတွက် ကရင်လူမျိုးတွေဟာ အသက်၊ ကိုယ်လက်အင်္ဂါ၊ သွေးချွေးနဲ့ စည်းစိမ်ဥစ္စာတွေ ကို မရေတွက်နိုင်အောင်ဆုံးရှုံးခဲ့ပေမဲ့ အောင်မြင်မှု အပြည့်အဝမရရှိသေးဘူးလို့ မိန့်ခွန်းထဲ ပါရှိပါတယ်။

 

ကရင်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကရင်လူမျိုးတို့ရဲ့ ဂုဏ်လက္ခဏာ၊ လိုလားချက် စည်းလုံးညီညွတ်မှုတွေကို ကရင်လူမျိုးတွေ စုစည်းညီညာစွာ ထုတ်ဖော်ပြသခဲ့သလို ဒီနေ့ဒီအချိန်မှာလည်း ဆက်လက်ဆွဲကိုင် ရပ်တည်လှုပ်ရှားပြီး အကောင်အထည်ဖော်သွားရမယ်လို့ ဆိုထားပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကရင်အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီး ကရင်နိုင်ငံတော်ရရှိဖို့နဲ့ အခွင့်အရေးတွေရရှိဖို့ ရပ်တည်လှုပ်ရှားခဲ့တယ်လို့ မိန့်ခွန်းထဲပါရှိပါတယ်။

 

KNU ဥက္ကဌရဲ့ မိန့်ခွန်းအဆုံးမှာတော့ “ကျွန်တော်တို့ ကရင်လူမျိုးဟာ လူမျိုးတစ်မျိုးအဖြစ် ရှင်သန်တည်တံ့ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်ကြီးပွားဖို့ ကျွန်တော်တို့ ကရင်လူမျိုးတွေအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပါစို့” လို့ တိုက်တွန်းထားပြီး သူ့ရဲ့ မိန့်ခွန်းကို အဆုံးသတ်ထားပါတယ်။

 

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ KNU ရဲ့ ဦးဆောင်မှုနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်လူမျိုးတွေဟာ ကရင်ပြည်ချက်ခြင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ခြင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုးရေးအထိကရုဏ်းအလိုမရှိ စတဲ့ အချက်တွေနဲ့ ငြိမ်းချမ်းစွာ သဘောထား ထုတ်ဖော်နိုင်ခဲ့ကြပါတယ်။

 

အဲဒီနေ့ကို အမြဲတမ်းအောက်မေ့သတိရဖို့၊ တန်ဖိုးထားဖို့၊ ဂုဏ်ပြုဖို့ အတွက် ၁၉၅၃ ခုနှစ် နိုဝင်ဘာလက ပထမဆုံးကျင်းပခဲ့တဲ့ ကော်သူးလေကွန်ကရက်ကနေ ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

 

ဓာတ်ပုံ – KNU

 

ပုံစာ – KNU တပ်ဖွဲ့ဝင်များကို မြင်ရပုံ