မဲဆောက်ရောက် ဝင်ငွေနည်းပါးသူတွေ အားကိုးနေရတဲ့ ထမင်းတနပ်(၁၅)ဘတ် အစီအစဉ်ရပ်နား

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိခိုလှုံနေကြသူ တော်လှန်ရေးအင်အားစုတွေ အားကိုးနေရတဲ့ ထမင်းတနပ် (၁၅)ဘတ် ကူမှု အကူအညီ အစီအစဉ်ကို ရံပုံငွေ အခက်အခဲကြောင့် ယာယီရပ်နားမယ်လို့ ထမင်းတနပ် (၁၅)ဘတ် အဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လာခဲ့ပါတယ်။
လူတစ်ဦးဝဝလင်လင်မက စားသုံးနိုင်တဲ့ ဟင်းနဲ့ထမင်းကို တစ်ပတ်လျှင် သုံးရက် နေအိမ်တွေအရောက် ရောင်းချပေးခဲ့တဲ့ ထမင်းတနပ်(၁၅)ဘတ်အစီအစဉ် စတင်ခဲ့တာဟာ တစ်နှစ်ခွဲကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။
“တပတ်လျှင် ပျှမ်းမျှခြင်း ဘတ်(၄၀၀၀)ခန့်အရှုံးခံပြီး “ပြည်သူလူထုကို အလုပ်အကျွေးပြု”ခဲ့ ကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် တလလျှင် ဘတ်တသောင်းခွဲ(၁၅၀၀၀)ခန့်အရူံးခံခဲ့ရပါတယ်”လို့ ထမင်းတနပ်(၁၅)ဘတ်အဖွဲ့က သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရံပုံငွေ အခက်အခဲကို ပြောပါတယ်။
ဝိုင်းဝန်းကူညီတဲ့ အဖွဲ့သား ၁၅ဦးအတွက်ကိုလည်း နေစရိတ် စားစရိတ်တွေအတွက် တစ်လကို ဘတ် နှစ်သောင်းခွဲခန့် ကုန်ကျမှုကလည်း ရှိနေတယ်လို့ သိရပါတယ်။
ထမင်းတနပ်(၁၅)ဘတ်အဖွဲ့ဟာ အဖွဲ့သားတွေရဲ့ စုပေါင်းထည့်ဝင်ကူညီငွေနဲ့သာ လည်ပတ်နေခဲ့ပြီး ဘယ်အဖွဲ့အစည်းထံကနေမှ (Proposal / Grants) တောင်းခံပြီး လုပ်ဆောင်နေတာမဟုတ်တာကြောင့် အခုလို ရံပုံငွေ နည်းပါးလာချိန်မှာ ယာယီရပ်နားလိုက်ရတာပဲဖြစ်တယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။
အစီအစဉ်ကို အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့ကိုလည်း နည်းလမ်းတွေ အစွမ်းကုန်ရှာဖွေပြီး ဆောင်ရွက်သွားပါမယ်လို့လည်း ထမင်းတနပ်(၁၅)ဘတ်အဖွဲ့က အသိပေးထားပါတယ်။