မြန်မာဘက်ခြမ်းက ငွေကြေးလိမ်လည်တဲ့မြို့တွေကိုပေးထားတဲ့ လျှပ်စစ်မီးတွေ ဒီကနေ့စဖြတ်မယ်လို့ ထိုင်းအစိုးရဆို

Author CJ Platform
Categories
Published on Feb 04, 2025

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဖုန်ထမ်ဝီချာရာချိုင်က မြန်မာနယ်စပ်ဒေသကိုပေးဝေနေတဲ့ ထိုင်းလျှပ်စစ်ဓာတ်အားလိုင်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာပဲ ဖြတ်တောက်ပစ်မယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ အတည်ပြုပြောဆိုလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့လည်း အဲဒီလိုလုပ်ဆောင်ဖို့ အခွင့်အာဏာရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံဘက်က မြဝတီနယ်စပ်မြို့မှာ လုပ်ဆောင်နေတဲ့ အွန်လိုင်းလိမ်လည်မှု စင်တာတွေကို နိုင်ငံချင်းပူးပေါင်းဆောင်ရွက်ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းမှုတွေမှာ အတူပါဝင်ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

 

အမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့  ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဖုန်ထမ်က ဒီကိစ္စတွေဟာ ထိုင်းနိုင်ငံအတွက် ပြင်းထန်တဲ့ သက်ရောက်မှုတွေရှိကြောင်း၊ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထိုင်းနိုင်ငံသား ၅၀၀,၀၀၀ ကျော်ဟာ ဖုန်းဆက်လိမ်လည်မှုတွေရဲ့ သားကောင်တွေလည်း ဖြစ်ခဲ့ရတယ်လို့ ပြောဆိုပါတယ်။

 

ဖုန်းဆက်လိမ်လည်မှုတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ ထိုင်းဘတ်ငွေ ၆၀ ဘီလီယံကျော် ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး သူကဆက်ပြောပါတယ်။

 

ဒါ့ပြင် (ဖုန်းဆက်လိမ်လည်မှုတွေဟာ) နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်နေတယ်ဆိုရင် PEA အနေနဲ့ NSC ဒါမှမဟုတ် အစိုးရအဖွဲ့ ရဲ့ အမိန့်ကို မစောင့်ဘဲ လျှပ်စစ်မီးကိုဖြတ်တောက်ပစ်ဖို့ အခွင့်အာဏာရှိတယ်လို့လည်း သူကအတည်ပြုပြောပါတယ်။

 

“ဒီကနေ့မှာ PEA ကို (မြဝတီဘက်ကို ပေးနေတဲ့) လျှပ်စစ်မီးတွေ ဖြတ်တောက်ဖို့  အခုပဲ အကြောင်းကြားသင့်တယ်လို့ NSC ဘက်ကို အမိန့်ပေးသွားမှာပါ” လို့ မစ္စတာဖုန်ထမ်က ပြောပါတယ်။

 

အမိန့်တွေကို လိုက်နာဖို့ပျက်ကွက်ခဲ့ရင်လည်း ထိုင်းနိုင်ငံကို ထိခိုက်နစ်နာစေဖို့ ငွေကြေးလိမ်လည်တဲ့ စင်တာတွေကို ခွင့်ပြုခဲ့တဲ့အတွက် လိုက်နာဖို့ပျက်ကွက်သူ ဘယ်သူ့ကိုမဆို ရာထူးကနေထုတ်ပယ်တာ ဒါမှမဟုတ် အပြစ်ပေးခံရတာတွေ ရှိလာမယ်လို့ သူကဆက်ပြီး သတိပေးပြောဆိုပါတယ်။

 

မြန်မာနိုင်ငံဘက်ကို လျှပ်စစ်မီးတွေပေးနေတဲ့ ကိစ္စမှာ အကျင့်ပျက်ခြစားမှုတွေ ပါဝင်နေသလား ဆိုတာကိုတော့ သူ့ဘက်က သေချာမပြောနိုင်ပေမဲ့ အကျင့်ပျက်ခြစားမှုတွေကိုတော့ သည်းခံသွားမှာ မဟုတ်ဘူးလို့လည်း မစ္စတာဖုန်ထမ်က ပြောပါတယ်။

 

မြန်မာဘက်ဘက်ခြမ်းက ရွှေကုက္ကိုလ်၊ KK Park နဲ့ မြဝတီမြို့တို့အပါအဝင် လျှပ်စစ်မီးဖြတ်တောက်မဲ့ နေရာတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်သင့်တယ်လို့လည်း သူက ပြောပါတယ်။

 

အဲဒီမြို့ သုံးမြို့ဟာ အွန်လိုင်းလိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေရဲ့ အဓိကအခြေစိုက်ရာ နေရာတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြို့တွေ ဖြစ်ပါတယ်။

 

မြဝတီမြို့ကို လျှပ်စစ်မီးဖြတ်တောက်ခြင်းဟာ ပုံမှန်သုံးစွဲနေတဲ့ အိမ်ထောင်စုတွေကို ထိခိုက်နိုင်သလားလို့ မေးမြန်းမှုကိုတော့ “မြန်မာနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံသားတွေကို ဂရုစိုက်သင့်ပြီး မြန်မာပိုင်နက်ပေါ်မှာ ဖုန်းဆက်လိမ်လည်တဲ့ဂိုဏ်းတွေ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ခွင့်ပြုခဲ့တဲ့အတွက် တာဝန်ယူသင့်တယ်”လို့ မစ္စတာဖုန်ထမ်က ပြန်လည်ဖြေကြားပါတယ်။

 

ဖုန်းဆက်လိမ်လည်တဲ့ဂိုဏ်းတွေက မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ ကရင်နယ်ခြားစောင့်တပ်တွေထိန်းချုပ်ထားတဲ့ နယ်နိမိတ်အတွင်းမှာ လိမ်လည်မှု လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နယ်စပ်ရေးရာကိစ္စတွေတာဝန်ယူထားတဲ့ နယ်ခြားစောင့်တပ် ရတ်ချမနူ အထူးတပ်ဖွဲ့ကလည်း မြဝတီမြို့နဲ့ နီးကပ်တဲ့ ထိုင်းဘက်ခြမ်းက တက်ခရိုင် မဲဆောက်မြို့မှာ ကွင်းဆင်းလေ့လာမှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့ မစ္စတာဖုန်ထမ်က ဆက်ပြောခဲ့ပြီး အကယ်၍ PEA အနေနဲ့ အခုကိစ္စကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် သူကိုယ်တိုင် အဲ့ဒီနေရာတွေကို သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

ဓာတ်ပုံ-  The Nation Thailand

 

ပုံစာ- ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဖုန်ထမ်ဝီချာယာချိုင်

 

ကိုးကား- The Nation Thailand