ကနေဒါနဲ့ မက္ကဆီကို အပေါ် အခွန် စပြီးတိုးကောက်ပေမဲ့ ရေနံအပေါ် အခွန်တိုးကောက်ဖို့ ထရမ့် စဉ်းစားနေ
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ် ဒေါ်နယ်ထရမ့်က ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံမဲ့ အစီအစဉ်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီနိုင်ငံတွေက တင်သွင်းမဲ့ ရေနံတွေကို သွင်းကုန်အခွ န်တိုးမြှင့်မဲ့စာရင်းထဲ ထည့်ဖို့၊ မထည့်ဖို့ကိုတော့ စဉ်းစားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တွေ (ရေနံကို အခွန်တိုးမြှင့်မဲ့စာရင်းထဲ) ထည့်နိုင်ပါတယ်။ ဒါမှမဟုတ် မထည့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့တွေ ဒီကနေ့ (ဇန်နဝါရီ ၃၀) ညမှာ ဆုံးဖြတ်ချက် ချသွားမှာပါ”လို့ ထရမ့်က ကနေဒါနဲ့ မက္ကဆီကိုက တင်သွင်းမဲ့ ရေနံတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို သူ့ရဲ့ ဘဲဥပုံရုံးခန်းမှာ ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြောပါတယ်။
ထရမ့်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှုနဲ့ ဖန်တနယ်လ် (fentanyl) ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ခိုးသွင်းတာကို ရပ်တန့်ဖို့ ဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုထားပေမဲ့ အခုကိစ္စကို ဆုံးဖြတ်ရာမှာတော့ ကုန်သွယ်ဖက် နိုင်ငံ နှစ်နိုင်ငံရဲ့ ရေနံဈေးနှုန်းတွေ သင့်တင့်မှု ရှိမရှိအပေါ် မူတည်နေတယ်လို့ သူက ပြောပါတယ်။
ကနေဒါနဲ့ မက္ကဆီကိုက တင်သွင်းလာမဲ့ ရေနံတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမဲ့ကိစ္စဟာ မဲဆွယ်ကာလမှာ ထရမ့်ဘက်က တောက်လျှောက် ကတိပြုပြောဆိုထားတဲ့ စွမ်းအင်ကဏ္ဍကုန်ကျစရိတ်ကို လျှော့ချပြီး အထွေထွေ ငွေကြေးဖောင်းပွမှုကို လျှော့ချမယ်ဆိုတဲ့ အချက်ကို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
ရေနံအခွန် တိုးမြှင့်ကောက်ခံလိုက်ရင် လောင်စာဆီသုံးစွဲမဲ့ ပြည်သူတွေဘက်က လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုတွေကို ကြုံတွေ့ရလာနိုင်တာကြောင့် မဲဆွယ်ကာလတုန်းက တစ်နှစ်အတွင်း စွမ်းအင်ကဏ္ဍ ကုန်ကျစရိတ်တွေကို တဝက်လောက်လျှော့ချနိုင်အောင် လုပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ အဓိကထားပြီး ပြောခဲ့တဲ့ ကတိအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
“ဇန်နဝါရီ ၂၀ ရက်နေ့ (သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့) ကနေစပြီး တစ်နှစ်အကြာမှာ တစ်နိုင်ငံလုံးက စွမ်းအင်ကဏ္ဍ ကုန်ကျစရိတ်တွေဟာ တဝက်လောက် လျှော့ချပြီး ဖြစ်နေပါလိမ့်မယ်” လို့ ရီပတ်ဘလီကန် သမ္မတလောင်း ထရမ့်က ၂၀၂၄ ခုနှစ်အတွင်း ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ လူထုစည်းဝေးပွဲတစ်ခုမှာ ပြောထားတာလည်း ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်စစ်တမ်း ကောက်ယူထားတဲ့ AP VoteCast ရဲ့ အချက်အလက်တွေအရ မဲဆန္ဒရှင်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လောင်စာဆီဈေးနှုန်းတွေကို စိုးရိမ်ပူပန်နေရတယ်လို့ ဖြေထားတာကို တွေ့ရပါတယ်။
လောင်စာဆီဈေးနှုန်းအပေါ် စိုးရိမ်နေရတယ်လို့ ဖြေထားတဲ့ လူ ၁၀ ဦးမှာ ခြောက်ဦးနီးပါးက ထရမ့်ကို ထောက်ခံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အောက်တိုဘာလထဲမှာ နေ့စဉ် ကနေဒါနိုင်ငံကနေ ရေနံစည်ပေါင်း ၄ ဒသမ ၆ သန်းနဲ့ မက္ကဆီကိုကနေ ရေနံစည်ပေါင်း ၅၆၃,၀၀၀ ကိုတင်သွင်းခဲ့တယ်လို့ စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (EIA) ရဲ့ အဆိုအရ သိရပါတယ်။
အဲဒီအောက်တိုဘာလထဲမှာပဲ အမေရိကန်ရဲ့ နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏဟာ ရေနံစည်ပေါင်း ၁၃ ဒသမ ၅ သန်းဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။
ထရမ့်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမဲ့ ကိစ္စဟာ ကုန်ကျစရိတ်တွေ မြင့်တက်လာတဲ့ ပုံစံနဲ့ အမေရိကန်တွေကို အရင်ဦးဆုံး အခွန်ကောက်မဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ကနေဒါကုန်သည်ကြီးများအသင်းရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာအကြီးအကဲ မက်သယူးဟုမ်းစ်က ပြောပါတယ်။
“ဒါက နှစ်ဘက်စလုံးရှုံးတဲ့ အခြေအနေပါပဲ။ အခုလိုလုပ်တာက (ပြည်သူတွေရဲ့) ဘဝတွေ ပိုပြီး တတ်နိုင်လာတဲ့ ဘဝမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သမ္မတထရမ့်နဲ့ အမေရိကန်ပြည်သူတွေကို ပြသဖို့ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ။ ဒါက ဘဝတွေကို ပိုပြီး ဈေးကြီးလာစေပြီး ကျွန်တော်တို့ရဲ့ ပူးပေါင်းလုပ်ငန်းတွေလည်း ရုန်းကန်ရတဲ့ အခြေအနေကို ရောက်စေပါတယ်” လို့ မစ္စတာ ဟုမ်းစ်က ပြောပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဟာ အမေရိကန်ရဲ့ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လို့ စီးပွားရေးနဲ့ ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာလေ့လာမှု အများအပြားက ပြသထားပေမဲ့ ထရမ့်ကတော့ တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိဘူးလို့ ပြောထားပါတယ်။
“ကျွန်တော်တို့တွေ သူတို့တွေရဲ့ ထုတ်ကုန်တွေကို မလိုအပ်ပါဘူး။ ကျွန်တော်တို့မှာ လိုအပ်တဲ့ လောင်စာဆီတွေ ရှိတယ်။ သစ်သားတွေအတွက် သစ်ပင်တွေလည်းရှိတယ်” လို့ ထရမ့်က ဆိုပါတယ်။
ဒါ့အပြင် ထရမ့်က တရုတ်နိုင်ငံဟာ ဖန်တနယ်လ်အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ တင်သွင်းနေတဲ့အတွက် အခွန်ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ အရင်ကလည်း တရုတ်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် တခြားအခွန်တွေအပြင် ၁၀ ရာခိုင်နှုန်း အခွန်ထပ်ပြီး စည်းကြပ်ကောက်ခံမယ်လို့ ပြောဆိုထားပါတယ်။
ယမန်နေ့ မွန်းလွဲပိုင်းအချိန်မှာ ရေနံဈေးနှုန်းဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၇၃ ဒေါ်လာ ပေါက်ဈေးရှိပါတယ်။
သမ္မတဂျိုးဘိုင်ဒင်လက်ထက်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လထဲမှာ ရေနံဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၂၀ အထိမြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း နှစ်ပေါင်းလေးဆယ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တာကြောင့် ဒီမိုကရက်တစ်ပါတီရဲ့ အုပ်ချုပ်မှုအပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေပိုပြီး မြင့်တက်ခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုတဝန်း ဓာတ်ဆီတစ်ဂါလံကို ၃ ဒသမ ၁၂ ဒေါ်လာ ပျမ်းမျှပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် ဈေးနှုန်းနည်းနည်းပဲ မြင့်တက်ခဲ့တာကို မြောက်အမေရိက မော်တော်ယာဥ်ကလပ်များ အဖွဲ့ (AAA) ရဲ့ အချက်အလက်တွေ အရသိရပါတယ်။
ယမန်နေ့နှောင်းပိုင်းမှာ ထရမ့်ဟာ ကမ္ဘာ့ငွေကြေး ဖလှယ်မှုတွေမှာ အမေရိကန်ဒေါ်လာအစား တခြားရွေးချယ်စရာတွေကို ရှာဖွေနေတဲ့ နိုင်ငံတွေကိုလည်း ပိုပြီးမြင့်မားတဲ့ အကောက်ခွန်တွေ စည်းကြပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ပါဝင်တဲ့ BRICS အုပ်စု အဖွဲ့ဝင်တွေအပေါ် အလားတူခြိမ်းခြောက်မှုတွေ ပြုလုပ်ထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကလည်း သူ့နိုင်ငံနဲ့ တခြားနိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေရှိတာကြောင့် နိုင်ငံတွေအနေနဲ့ အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မယ့် အရာတစ်ခုခု လိုအပ်နေပြီလို့ အကြံပြုထားပါတယ်။
“ကျွန်တော်တို့တွေက ဒီအန္တရာယ်ရှိတဲ့ နိုင်ငံတွေဆီကနေ BRICS ငွေကြေးအသစ်ကို ဖန်တီးမှာ မဟုတ်ဘူးဆိုတာရယ်၊ စွမ်းအားကြီးမားတဲ့ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ အခြားငွေကြေးတစ်ခုခုကို ထောက်ခံမှု မပြုလုပ်ပါဘူးဆိုတဲ့ ကတိကဝတ်ရအောင် တောင်းဆိုမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့တွေ ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို ရင်ဆိုင်ရမှာဖြစ်ပြီး အံ့ဩစရာကောင်းလှတဲ့ အမေရိကဈေးကွက်ထဲ ရောင်းချခွင့်ကို နှုတ်ဆက်လိုက်ရမှာပါ”လို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဓာတ်ပုံ- AP Photo/ Evan Vucci
ပုံစာ – အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းထဲမှာ လက်မှတ်ထိုးနေတဲ့ ထရမ့်ကို ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား- AP News