ယူဂန်ဒါမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Jan 31, 2025

အာဖရိကတိုက် အရှေ့ပိုင်းက ယူဂန်ဒါနိုင်ငံရဲ့ မြို့တော် ကမ်ပါလာမှာ  အီဘိုလာ (Ebola) ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ဗိုင်းရပ်စ်ကြောင့် ပထမဦးဆုံးလူနာသေဆုံးမှုကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့  ယူဂန်ဒါကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြောပါတယ်။

 

ယူဂန်ဒါနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကို ၂၀၀၀ ပြည့်နှစ်မှာ ပထမဦးဆုံး မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကိုးကြိမ်မြောက် ကူးစက်ပျံ့ပွားမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကမ်ပါလာမြို့မှာရှိတဲ့ မူလာဂိုဆေးရုံက အမျိုးသားသူနာပြုတစ်ဦးဟာ အဖျားရောဂါလက္ခဏာတွေ ပေါ်လာပြီးတဲ့နောက်မှာ ကမ်ပါလာဆေးရုံအပါအဝင် တိုင်းရင်းဆေးဆရာတစ်ဦးဆီမှာပါ ကုသမှုတွေ ခံယူခဲ့တယ်လို့ ဆိုပါတယ်။

 

“လူနာဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတဲ့ ဝေဒနာကိုခံစားခဲ့ရပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ မူလာဂို ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးပြီးတဲ့နောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆူဒန်အီဘိုလာဗိုင်းရပ်စ် (မျိုးကွဲ) ကူးစက်မှုဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

သေဆုံးသူနဲ့ ထိတွေ့ခဲ့သူ ၄၄ ဦးကို ခြေရာခံလိုက်နိုင်ဖို့ စာရင်းပြုစုထားပြီး အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်း ၃၀ ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

ဒါပေမဲ့ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့တဲ့ ကမ်ပါလာမြို့ဟာ လူဦးရေ ၄ သန်းကျော်ရှိပြီး တောင်ဆူဒန်၊ ကွန်ဂို၊ ရဝမ်ဒါနဲ့ အခြားနိုင်ငံတွေကိုပါ သွားရာ လမ်းဆုံဖြစ်တာကြောင့် ထိတွေ့ခဲ့သူတွေကို ခြေရာခံနိုင်ဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။

 

အလွန်ကူးစက်လွယ်တဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ  ရောဂါကူးစက်ခံထားရတဲ့သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ တစ်ရှူးတွေကို ထိတွေ့ကိုင်တွယ်မိရင် ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေထဲမှာ ခေါင်းကိုက်တာ၊ သွေးအန်တာ၊ ကြွက်သားတွေနာကျင်တာနဲ့ ကိုယ်တွင်းသွေးယိုစီးတာတွေ ခံစားရလေ့ရှိပါတယ်။

 

ယူဂန်ဒါအာဏာပိုင်တွေဟာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ၊ လူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်တာတွေ၊ ထိတွေ့ခဲ့သူတွေကို ခြေရာခံလိုက်တာတွေနဲ့ တခြားကျွမ်းကျင်မှုတွေစတဲ့ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ စွမ်းဆောင်ရည်တွေကို အသုံးချပြီး ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်အခြေအနေတွေအတွက် သတ်မှတ်ထားတဲ့ သူတို့ရဲ့ အရန် ရန်ပုံငွေထဲက ဒေါ်လာတစ်သန်းကို အခုဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အလျင်အမြန် ဆောင်ရွက်မှုတွေအတွက် ခွဲဝေထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကာကွယ်ဆေးဖော်ထုတ်သူတွေနဲ့ ပူးပေါင်းပြီး သင့်တော်တဲ့ ကာကွယ်ဆေးတွေ စတင်ပေးပို့သွားဖို့လည်း ဆောင်ရွက်နေတယ်လို့ WHO က ဆက်ပြောပါတယ်။

 

ယူဂန်ဒါနိုင်ငံမှာ နောက်ဆုံးအကြိမ် အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ ၁၄၃ ယောက်ထဲမှာ ၅၅ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ ကူးစက်မှုပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။

 

အခုကူးစက်မှုမှာ သေဆုံးသူနဲ့ ထိတွေ့ခဲ့သူတွေအားလုံးကို ကာကွယ်ဆေးထိုးနှံမှုတွေ ချက်ချင်းစတင်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဆူဒန်အီဘိုလာဗိုင်းရပ်စ်မျိုးကွဲအတွက် အတည်ပြုထားတဲ့ သီးသန့်ကာကွယ်ဆေး မရှိသေးပေမဲ့ ယူဂန်ဒါနိုင်ငံက ပြီးခဲ့တဲ့ ကူးစက်မှုတွေအတွင်းမှာ  စမ်းသပ်ထားတဲ့ ကာကွယ်ဆေးတချို့ ရရှိထားပါတယ်။

 

ယူဂန်ဒါနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တန်ဇန်နီးယားနိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်းမှာ အီဘိုလာဗိုင်းရပ်စ်နဲ့ မျိုးစိတ်ကဲတစ်ခုဖြစ်တဲ့ မားဘာ့ဂ် (Marburg) ဗိုင်းရပ်ကူးစက်မှုကို အတည်ပြုကြေညာထားပါတယ်။

 

ဒါ့အပြင် ယူဂန်ဒါနိုင်ငံဟာ မကြာသေးခင်ကမှ မားဘာ့ဂ်ဗိုင်းရပ်ကူးစက်မှု ပြီးဆုံးထားတဲ့ ရဝမ်ဒါနိုင်ငံနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေသလို အီဘိုလာရောဂါပိုးစတင်တွေ့ရှိရာနဲ့ အီဘိုလာရောဂါ ကူးစက်မှုမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ကွန်ဂိုနိုင်ငံနဲ့ပါ နယ်နိမိတ်ခြင်းထိစပ်နေပါတယ်။

 

ဓာတ်ပုံ – REUTERS/Abubaker Lubowa

 

ပုံစာ- ယူဂန်ဒါနိုင်ငံရဲ့ မြို့တော်ကမ်ပါလာမှာ အီဘိုလာဗိုင်းရပ်စ်အတွက် သတိပေးစတစ်ကာ ကပ်ထားတဲ့ ဗင်ကားတစ်ဦး ကယာဒွန်ဒို လမ်းမပေါ် မောင်းနှင်သွားတာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ကတွေ့မြင်ရစဉ် (ပုံအဟောင်း)

 

ကိုးကား- Reuters