နေ့အပူချိန်ကျပေမဲ့ ညအပူချိန်တက်လာတာကြောင့် အအေးပေါ့မယ် “ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Author လဂွန်းအိမ်
Categories
Published on Jan 30, 2025

“အပူချိန်များ”

 

ဇန်နဝါရီလကုန်ပိုင်းမှာ တိမ်ပါးပါးဖြစ်ထွန်းလာပြီး မိုးအုံ့လာတာကြောင့် နေ့အပူချိန်တွေအနည်းငယ်ကျလာပေမဲ့ ညအပူချိန်တွေကပြန်တက်ပြီးအအေးပေါ့လာတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

 

ဒါပေမဲ့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလဆန်းပိုင်းရက်တွေမှာတော့ တိမ်ဖြစ်ထွန်းမှုပြန်လည်လျော့ကျပြီး နေ့အပူချိန်တွေပြန်တက်လာမယ့်အပြင် ညအပူချိန်တွေလျော့ကျပြီး ပြန်အေးလာမယ်လို့ သူက ခန့်မှန်းထားပါတယ်။

 

ဖေဖော်ဝါရီလကုန် မတ်လဆန်းအထိ အထက်လေထုအလွှာအတွင်းက အပူချိန်တွေကျဆင်းနေချိန်မှာ လေထုညစ်ညမ်းမှု ဆက်ပြီးမြင့်တက်နေမှာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိနေသူတွေအနေနဲ့ မနက်အစောပိုင်းအချိန်တွေမှာ အသက်ရှုကြပ်တာ၊ အသက်ရှုရခက်ခဲတာမျိုးတွေ ပိုဖြစ်လာနိုင်လို့ အပြင်ထွက်တဲ့အခါ Mask တပ်ပြီးထွက်ဖို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

 

ရခိုင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ်နဲ့ ချင်းပြည်နဲ့ တနင်္သာရီတိုင်းမှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်တို့မှာ ၂ ဒီဂရီစင်တီဂရိတ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည် ‌အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်နဲ့ နေပြည်တော်မှာ ၅ ဒီဂရီစင်တီဂရိတ်ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ အနုတ် ၁ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်း၊ မုံရွာနဲ့ မကွေးမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့ညနေပိုင်းကနေ မနက်ဖြန် မနက်ပိုင်းအထိ နေပြည်တော်မှာ ၁၅ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၇ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။

 

ဒါ့အပြင် ထားဝယ်မြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၂၃ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ မိုးရွာနိုင်ခြေ”

 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။

 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

 

Related News

Depend on news