အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
အန်တိုနီကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ရီးရဲလ်ဘက်တစ်
စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ မန်ယူအသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေအားလုံး သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ဘက်တစ်ဘက်က အပြီးသတ်ခေါ်ယူခွင့်မပါဝင်တဲ့ ခြောက်လစာချုပ်နဲ့ ခေါ်ယူတာဖြစ်လို့ ရာသီကုန်ချိန်မှာတော့ မန်ယူထံ ပြန်လာရမှာပါ။ မန်ယူဟာ အန်တိုနီကို အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုကာ ခေါ်ယူထားခဲ့ပေမဲ့ နှစ်ရာသီခွဲကာလအတွင်း ပရီးမီးယားလိဂ် ၆၂ ပွဲကစားကာ ငါးဂိုးသာသွင်းနိုင်ခဲ့တာကြောင့် အဆိုးရွားဆုံးခေါ်ယူမှုအဖြစ် မှတ်ချက်ပေးခံထားရသူလည်းဖြစ်ပါတယ်။
****************************************
ဥဇဘက်ကစ္စတန်လူငယ်ကို မန်စီးတီး ခေါ်ယူ
မန်စီးတီးအသင်းဟာ ပြင်သစ် လီဂူးဝမ်းကလပ် လန်းစ်အသင်းထံကနေ ဥဇဘက်ကစ္စတန် ဗဟိုခံစစ်သမား ခူဆာနော့ဗ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ အပါအဝင် ထပ်ပေါင်း အပိုဆုကြေး ပေးပြီး ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ခူဆာနော့ဗ်ဟာ မန်စီးတီးအသင်းနဲ့ လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၄၅ ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ခူဆာနော့ဗ်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန် ကစားသမားအဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။
****************************************
ဝေါလ်ကာကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ အေစီမီလန်
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဟာ မန်စီးတီးအသင်းခေါင်းဆောင် ကိုင်လီ ဝေါလ်ကာကို ရာသီဝက်အငှားနဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ကို အေစီမီလန်အသင်းရဲ့ အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ ဇလာတန် အီဘရာဟီမိုဗစ်က အတည်ပြုခဲ့တာပါ။ အေစီမီလန်ဟာ ဝေါလ်ကာ အပြင် ချဲလ်ဆီးအသင်းမှာနေရာ မရဖြစ်နေတဲ့ ဂျာအိုဖီးလစ်ကိုလည်း အပြီးသတ်ခေါ်ခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အေစီမီလန်ထံ ဝေါလ်ကာရောက်လာမှာဖြစ်လို့ ဂါလာတာစာရေးအသင်းဟာ အေစီမီလန်ရဲ့ ညာနောက်ခံလူ အီမာဆင်ရွိုင်ရယ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အသင်းတွေအကြားမှာ ဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့် မကြာခင်မှာ ဒီအပြောင်းအရွှေ့ကို တရားဝင်ကြေညာနိုင်ဖွယ်ရှိနေပါတယ်။
****************************************
ဂါနာချိုကိုခေါ်ယူဖို့ နာပိုလီနဲ့အပြိုင်ကြိုးပမ်းလာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းကတော့ မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်သမား ဂါနာချိုကိုခေါ်ယူနိုင်ရေးအတွက် နာပိုလီအသင်းနဲ့ အပြိုင်ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဂါနာချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ယူရိုသန်း ၄၀ နဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို မန်ယူဘက်က ပယ်ချခဲ့ပေမဲ့ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေက ဆက်ရှိနေတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ နာပိုလီနည်းပြ ကွန်တီက ဂါနာချိုနဲ့ တိုက်ရိုက် ဖုန်းပြောဆိုကာ ညှိနှိုင်းခဲ့ပြီး နာပိုလီက မန်ယူအသင်းနဲ့ သဘောတူညီမှု ရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာတော့ ချဲလ်ဆီးအသင်းက ဂါနာချိုအတွက် မန်ယူအသင်းဆီ တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ဂါနာချိုရဲ့အေးဂျင့်ဖြစ်သူကို ချဲလ်ဆီးနဲ့ ၀ုလ်ဗ်ပွဲကစားချိန် ချဲလ်ဆီးရဲ့အိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်ချ်မှာမြင်တွေ့ခဲ့ရတာကြောင့် အပြောင်းအရွှေ့က ရှုပ်ထွေးဖွယ်ရှိနေပါတယ်။
****************************************
လက်ချီနောက်ခံလူ ပက်ထရစ် ဒေါ်ဂူကို ခေါ်ယူဖို့ မန်ယူ သဘောတူညီမှုရ
မန်ယူအသင်းဟာ လက်ချီအသင်းရဲ့ ဘယ်နောက်ခံလူ ပက်ထရစ် ဒေါ်ဂူကို ခေါ်ယူနိုင်ရေးအတွက် ပထမအကြိမ်ကမ်းလှမ်းမှုအဖြစ် ယူရို သန်း ၃၀ အပါအဝင် အပိုဆုကြေး နဲ့ ကမ်းလှမ်းထားပါတယ်။ လက်ချီဘက်က ပက်ထရစ် ဒေါ်ဂူအတွက် ၃၅ သန်းအပါအဝင် အပိုဆုကြေးရမှ လက်ခံမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးကွာဟမှုဟာ ယူရို ငါးသန်းသာဖြစ်လို့ အသင်း နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်လာဖို့ နီးစပ်နေပြီလို့ နာမည်ကျော်သတင်းထောက် ရိုမာနိုက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့သာဖြစ်လာခဲ့ရင် ဒါဟာ မန်ယူနည်းပြ အမော်ရင်လက်ထက် ပထမဆုံးသော ကစားသမားခေါ်ယူမှုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။
ဓာတ်ပုံ – Goal, Twitter