အပစ်ခတ်ရပ်စဲဖို့ သဘောတူညီထားပေမဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ ဆက်လုပ်နေ
ဟားမက်စ်နဲ့ အစ္စရေးကြား အပစ်ခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ သဘောတူညီမှုရရှိကြောင်း ကြေညာပြီး နာရီပိုင်းအကြာ ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းမှာ အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့တယ်လို့ ပါလက်စတိုင်း အာဏပိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လာမယ့် တနင်္ဂနွေနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင်ဖို့စီစဉ်ထားတဲ့ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်စေရေး သေချာစေဖို့အတွက် ကြားဝင်စေ့စပ်ပေးသူတွေက ကြိုးပမ်းလုပ်ဆောင်နေစဉ်မှာ အစ္စရေးဘက်က အခုလိုမျိုး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ဖြစ်ပွားနေတဲ့ ၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာဒေသဟာ အကြီးအကျယ် ပျက်စီးခဲ့တဲ့အပြင် အရှေ့အလယ်ပိုင်း ဒေသမှာလည်း တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ကာတာ၊ အီဂျစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က အဆင့်တွေ အများကြီးပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို အဆိုပြုပြီး ကြားဝင်စေ့စပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
သဘောတူညီချက်ရဲ့ ပထမအဆင့်အနေနဲ့ ခြောက်ပတ်တာ ကနဦးအပစ်ရပ်ထားကြမှာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာဒေသကနေ တဖြည်းဖြည်းဆုတ်ခွာသွားရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကိုလည်း အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အပြန်အလှန် လဲလှယ်သွားမှာလည်း ဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရကြောင်း ကြေညာချက်ကြောင့် ဂါဇာဒေသနဲ့ အစ္စရေးဒေသမှာ အောင်ပွဲခံကြပြီး ဝမ်းသာအားရဖြစ်မှုတွေ မြင့်တက်ခဲ့ပေမဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက အဲဒီ အောင်ပွဲခံမှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။
အစ္စရေးတို့ရဲ့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုကြောင့် ဂါဇာစီးတီးမှာ လူ ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောသလို ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ နေအိမ်တွေလည်း အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကြားဝင်စေ့စပ်ပေးသူတွေဟာ အပစ်ခတ်ရပ်စဲရေး စပြီးအသက်မဝင်ခင်မှာ တင်းမာမှုအခြေအနေတွေကို လျှော့ချဖို့နဲ့ နောက်ထပ်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့အတွက် နှစ်ဘက်စလုံးနဲ့ တက်တက်ကြွကြွ ဆွေးနွေးညှိနှိုင်းနေတယ်လို့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ပါလက်စတိုင်း အရာရှိတစ်ဦးက ပြောပါတယ်။ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမဲ့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေး အသက်မဝင်ခင်မှာ အသာစီး များများရနိုင်ဖို့အတွက် လာမယ့်ရက်တွေထဲမှာ အစ္စရေးဘက်က ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာမှာကိုလည်း ဂါဇာဒေသခံတချို့က စိုးရိမ်ထိတ်လန့်နေကြပါတယ် ။အလားတူ အစ္စရေးဓားစာခံတွေရဲ့ မိသားစုဝင်တွေကလည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် အပြည့်အဝ အကောင်အထည်ဖော်ဖို့ကိစ္စနဲ့ သူတို့တွေရဲ့ မိသားစုဝင်တချို့ ဟားမက်စ်လက်ထဲ ချန်ထားခဲ့ရမဲ့ ကိစ္စကို စိုးရိမ်နေကြပါတယ်။
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုဟာ အဓိက အားဖြင့် ကနဦး ခြောက်ပတ်တာ အပစ်ခတ်ရပ်စဲရေးအပါအဝင် အဆင့်သုံးဆင့်ပါဝင်ပြီး တစ်ဆင့်ချင်းစီအလိုက် အစ္စရေးတပ်တွေ ဖြည်းဖြည်းချင်း ဆုတ်ခွာဖို့နဲ့ ဓားစာခံတွေကို အသုတ်အလိုက် လဲလှယ်ကြဖို့တွေလည်း ပါဝင်ပါတယ်။
ဒါ့ပြင် ဂါဇာဒေသရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အများအပြား လိုအပ်နေမှုကို ဖြည့်တင်းနိုင်ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) လိုမျိုး အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ တိုးမြင့်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ကြား အပစ်ခတ်ရပ်စဲကြဖို့ သဘောတူညီချက် ရရှိမှုအပေါ် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း အများအပြားက ထောက်ခံကြိုဆိုကြပါတယ်။
ဓာတ်ပုံ – REUTERS/Mahmoud Issa
ပုံစာ- အပျက်အစီးတွေကြားထဲ ရပ်နေကြသည့် ပါလက်စတိုင်း ဒေသခံများကို ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား – Reuters