ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author CJ Platform
Categories
Published on Jan 16, 2025

ပဲလေ့စ်မှာ အငှားချထားတဲ့ ချာလိုဘာကို ပြန်လည်ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး

 

ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းဆီ အငှားချထားတဲ့ နောက်ခံလူ ချာလိုဘာကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ချဲလ်ဆီးနည်း မာရက်စ်ကာဟာ အသင်းရဲ့ဗဟိုခံစစ်သမားတွေဖြစ်တဲ့ ဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ ဒဏ်ရာရရှိသွားတဲ့အတွက် ခံစစ်ပိုင်း အင်အားဖြည့်တင်းမှုအဖြစ် ချာလိုဘာကို အငှားချစဉ်က စာချုပ်ပါစည်းမျဉ်းအရ ပြန်ခေါ်ခဲ့တာပါ။ ချာလိုဘာဟာ ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ပြီး ပဲလေ့စ်အသင်းမှာ ၁၄ ပွဲအထိ ကစားခွင့်ရခဲ့ပြီး သွင်းဂိုး ၃ ဂိုးအထိရယူကာ ပုံစံကောင်းလည်း ပြသထားနိုင်ခဲ့သူဖြစ်ပါတယ်။

****************************************

ဇန်နဝါရီစျေးကွက်အတွင်း တိုက်စစ်ပိုင်း အားဖြည့်မယ့် အာဆင်နယ်

 

မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဂါဘရီရယ် ဂျေးဆု ဒဏ်ရာရသွားခဲ့တာကြောင့် တိုက်စစ်ပိုင်းအားနည်းသွားခဲ့တဲ့ အာဆင်နယ်ဟာ ဇန်နဝါရီစျေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဂါဘရီရယ် ဂျေးဆုဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အနည်းဆုံး ၆ လကနေ ၈ လအထိ အနားယူရဖို့ရှိနေတာပါ။ အီတလီသတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်ရဲ့နာမည်ကျော်သတင်းစာ L’Equipe ကတော့ အာဆင်နယ်ဟာ စပို့တင်းရဲ့ ဆွီဒင်တိုက်စစ်မှူး ယိုးကရက်စ်နဲ့ ဘရန့်ဖိုဒ့်ရဲ့ ကင်မရွန်းတိုက်စစ်မှူး အမ်ဗြူမိုတို့ထဲက တစ်ဦးဦးကို ခေါ်ယူလိမ့်မယ်လို့ ခန့်မှန်းရေးသားထားခဲ့ပါတယ်။

****************************************

ဆာလားအတွက် ၂ နှစ်အတွင်း လုပ်ခလစာ ခံစားခွင့် ပေါင် ၆၅ သန်းအထိပေးပြီး ကမ်းလှမ်းမယ်

 

ဆော်ဒီထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်ဟာ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားကို ခေါ်ယူနိုင်ရေးအတွက် မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆာလားဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေ အဆင်မပြေသေးပါဘူး။ ဆာလားဟာ ဒီရာသီမှာ အထူးခြေစွမ်းပြ ကစားနေနိုင်ပြီး ၁၈ ဂိုးသွင်းကာ ဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာပါ။ ဆော်ဒီကလပ်အသင်းတာဝန်ရှိသူတွေကတော့ သူတို့နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ဆာလားလို ပုံရိပ်မြင့်ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ရေးအတွက် မက်လောက်ဖွယ် လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။

****************************************

ဂါနာချိုကိုခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေတဲ့ နာပိုလီ

 

အီတလီစီးရီးအေကလပ် နာပိုလီအသင်းဟာ ပီအက်စ်ဂျီအသင်းထံပြောင်းကစားဖို့ သဘောတူညီမှု ရရှိသွားတဲ့ အသင်းရဲ့ တောင်ပံကစားသမား ခါဗာရက် စကာလီယာရဲ့နေရာကို မန်ယူအသင်းရဲ့တောင်ပံကစားသမား ဂါနာချိုနဲ့ အစားထိုးနိုင်ဖို့ ပြင်ဆင်နေတာပါ။ ဂါနာချိုဟာ မန်ယူနည်းပြ အမော်ရင်လက်ထက်မှာ ဦးစားပေးကစားခွင့်နည်းပါးနေတာကြောင့် အသင်းကနေ ထွက်ခွာနိုင်ချေရှိတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေခဲ့တာပါ။ နာပိုလီအသင်းတာဝန်ရှိသူတွေဟာ ဂါနာချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိဖို့ ကြိုးစားနေပြီး အသက် ၂၀ အရွယ် အာဂျင်တီးနားသားအတွက် တစ်နှစ်လုပ်ခ ယူရို လေးသန်းအထိ ပေးချေမယ်ဆိုရင် ဆွဲဆောင်မှုပါဝင်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကတော့ ဂါနာချိုအတွက် ယူရိုသန်း ၈၀ အထိ ရရှိနိုင်ဖို့ မျှော်လင့်နေပြီး နာပိုလီကတော့ ယူရို သန်း ၅၀ သာ ပေးဖို့ ဆန္ဒရှိနေတာပါ။ ဒါကြောင့် နာပိုလီအနေနဲ့ ဂါနာချိုနဲ့ သဘောတူညီမှုရရှိကာ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

****************************************

အန်ကွန်ကူအတွက် ပေါင် ၆၅ သန်းအလိုရှိနေတဲ့ ချဲလ်ဆီး

 

ချဲလ်ဆီးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ မပျော်ရွှင်တော့တဲ့ ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူအတွက် ပေါင် ၆၅ သန်း အလိုရှိနေတယ်လို့  The Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အန်ကွန်ကူဟာ နည်းပြ မာရက်စ်ကာ လက်ထက်မှာ ပွဲကစားခွင့်နည်းပါးမှုအပေါ် စိတ်ပျက်နေခဲ့ပြီး ဇန်နဝါရီစျေးကွက်အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိနေတာပါ။ လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေခဲ့ပါတယ်။ အန်ကွန်ကူဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစားကာ ၁၃ ဂိုးသွင်းထားနိုင်ခဲ့ပြီး ယူရိုပါကွန်ဖရန့်လိဂ်နဲ့ ပြည်တွင်းဖလားပွဲတွေမှာသာ ဦးစားပေးကစားခွင့်ရကာ ပရီးမီးယားလိဂ်မှာ ပွဲကစားခွင့်နည်းပါးခြင်းကို စိတ်ပျက်နေတာပါ။ သူ့ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားပေမယ့် ချဲလ်ဆီးတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်လွန်းတာကြောင့် အခက်တွေ့နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Goal, Twitter