ယခုတစ်ပတ်ကစားမယ့် ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
ဘရန့်ဖို့ဒ် – မန်စီးတီး (ဗုဒ္ဓဟူး မနက် ၂ နာရီ)
ဘရန့်ဖို့ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်ပြီးနောက် ဒုတိယမြောက် အိမ်ကွင်း အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့အသင်းပါ။ ပြီးခဲ့တဲ့ရက်က အက်ဖ်အေဖလားပွဲစဉ်မှာလည်း အရန်ကစားသမား အများအပြားကို ပွဲထုတ်ခဲ့တာကြောင့် မန်စီးတီးကို အဓိက ကစားသမားအစုံအလင်နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေမှာပါ။
မန်စီးတီးကလည်း အက်ဖ်အေဖလားပွဲမှာ ဆဲလ်ဖို့ဒ်စီးတီးကို ရှစ်ဂိုးအထိသွင်းပြီး တိုက်စစ်အစွမ်းပြထားသလို နောက်ဆုံး သုံးပွဲဆက်နိုင်ပွဲပြန်ရထားပြီဖြစ်လို့ ယုံကြည်မှုအားကောင်းနေနိုင်ပါတယ်။ ဘရန့်ဖို့ဒ်အနေနဲ့ အိမ်ကွင်းအားသာချက် ရှိတယ်ဆိုပေမဲ့ မန်စီးတီးဆီကနေ အမှတ်ခွဲယူဖို့ မလွယ်ပါဘူး။ မန်စီးတီးတို့ အဝေးကွင်းမှာ ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။
ခန့်မှန်းချက် ဘရန့်ဖိုဒ့် ၀-၁ မန်စီးတီး
****************************************
ချဲလ်ဆီး – ဘုန်းမောက် (ဗုဒ္ဓဟူး မနက် ၂ နာရီ)
ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချဲလ်ဆီးဟာ အက်ဖ်အေဖလားပွဲစဉ်မှာတော့ လိဂ် ၂ က မိုရီကမ်ဘီကို ငါးဂိုးပြတ် အနိုင်ယူထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ဖို့အတွက် နိုင်ပွဲရှာတွေ့ဖို့ လိုနေပါပြီ။
ဘုန်းမောက်ကလည်း ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်လွန်းတဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိတဲ့အပြင် မန်ယူကို သုံးဂိုးပြတ် အနိုင်ယူခဲ့ပြီး ကစားရခက်တဲ့ အဲဗာတန်ကိုလည်း အနိုင်ရအောင် ကစားထားပါတယ်။ ချဲလ်ဆီးအနေနဲ့ အိမ်ကွင်းအားသာချက်ကို အသုံးချပြီး အနိုင်သုံးမှတ်ရရှိအောင် ကစားနိုင်ဖို့လိုပါတယ်။ ဘုန်းမောက်ဟာ ဒီရာသီမှာ အသင်းကြီးတွေကို ဒုက္ခပေးထားနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ အမှတ်ဗလာနဲ့ ပြန်လာရပါလိမ့်မယ်။
ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၀ ဘုန်းမောက်
****************************************
နော်တင်ဟမ်ဖောရက်စ် – လီဗာပူးလ် (ဗုဒ္ဓဟူး မနက် ၂ နာရီခွဲ)
နော်တင်ဟမ်ဖောရက်စ်ကတော့ နောက်ဆုံး ငါးပွဲဆက်တိုက် အနိုင်ရထားသလို အဲဒီ ငါးပွဲစလုံးမှာ ပေးဂိုး လုံး၀မရှိခဲ့တဲ့အထိ ကျစ်လစ်တဲ့ပုံစံကို ပြသထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က လီဗာပူးလ်နဲ့ ခြောက်မှတ်သာ ကွာဟတဲ့ အနေအထားပါ။ လီဗာပူးလ်အတွက်ကတော့ ရှုံးကြွေးဆပ်ရမယ့်ပွဲပါပဲ။
လီဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပြီး အဲဒီပွဲဟာ နော်တင်ဟမ်ဖောရက်စ်ကို ပထမအကျော့တုန်းက အိမ်ကွင်း အန်ဖီးလ်မှာ ရှုံးခဲ့တာပါ။ အခုတော့ ရှုံးကြွေးဆပ်ဖို့ အခွင့်အရေးရခဲ့ပါပြီ။ လီဗာပူးလ်ဟာ ကြားရက်မှာ အက်ဖ်အေဖလားပွဲ ကစားခဲ့ရပေမဲ့ အက်ကရင်တန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲသာ အမှတ်လျော့ခဲ့ရင် ချန်ပီယံလမ်းကြောင်းအတွက် အမှတ်ကွာဟမှုတွေ လျော့နည်းသွားမှာဖြစ်လို့ လီဗာပူးလ်တို့ အမှားခံမှာ မဟုတ်ပါဘူး။ ဖောရက်စ်အနေနဲ့ ပုံစံကောင်းရရှိနေတယ်ဆိုပေမဲ့ လီဗာပူးလ်နဲ့အတွေ့မှာ ရှုံးပွဲကြုံရနိုင်ပါတယ်။
ခန့်မှန်းချက် – နော်တင်ဟမ်ဖောရက်စ် ၁-၂ လီဗာပူးလ်
****************************************
အတ္တလန္တာ – ဂျူဗင်တပ်စ် (ဗုဒ္ဓဟူး မနက် ၂ နာရီ ၁၅ မိနစ်)
ဒီတစ်ပတ်စီးရီးအေပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ပါ။ အတ္တလန္တာအသင်းဟာ ၁၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၂ မှတ် စုဆောင်းထားနိုင်ပြီး ဇယားထိပ်က နာပိုလီကို တစ်ပွဲလျော့ ငါးမှတ်အကွာနဲ့ ဖိအားပေးထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီရာသီစီးရီးအေမှာ ရှုံးပွဲမတွေ့သေးတဲ့ တစ်သင်းတည်းသောအသင်းပါ။
ဒါပေမဲ့ သရေပွဲတွေများလွန်းတာကြောင့် အဆင့်ငါးအထိ ရောက်နေခဲ့ပါတယ်။ အတ္တလန္တာဟာ ဒီရာသီ အိမ်ကွင်း ရှစ်ပွဲကစားထားရမှာ ခုနစ်ပွဲနိုင်ပြီး တစ်ပွဲရှုံးထားပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီရာသီ အဝေးကွင်း ကိုးပွဲကစားထားရာမှာ ငါးပွဲအထိ သရေကျကာ အရှုံးမရှိထားပါဘူး။ အပြန်အလှန်တိုက်စစ်ဖွင့်ရင်း သရေနဲ့ ပြီးဆုံးသွားမယ့်ပွဲမျိုးဖြစ်လာဖို့ ရှိနေပါတယ်။
ခန့်မှန်းချက် – အတ္တလန္တာ ၁-၁ ဂျူဗင်တပ်စ်
****************************************
အာဆင်နယ် – စပါး (ကြာသပတေး မနက် ၂ နာရီခွဲ)
အိမ်ရှင်အာဆင်နယ်ဟာ အကျပ်အတည်းကာလကို ရောက်နေတာပါ။ နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ထားခဲ့ပြီး အက်ဖ်အေဖလားကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်သလို ကရာဘောင်ဖလားကလည်း ထွက်ခွာရဖို့ နီးစပ်နေပါပြီ။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ သေချာပေါက် အာရုံစိုက်ရမှာပါ။
လက်ရှိမှာ ဒဏ်ရာရကစားသမားတွေများပြားလွန်းနေတာကလည်း အာတီတာကို ခေါင်းကိုက်စေမှာပါ။ စပါးကတော့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ကရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးလ်ကို အနိုင်ယူထားခဲ့သလို တနင်္ဂနွေညက အက်ဖ်အေဖလားမှာလည်း နောက်တစ်ဆင့် တက်ထားခဲ့တာကြောင့် အာဆင်နယ်ကို စိတ်ဓာတ်ရေးရာအရ အသာရနိုင်ပါတယ်။
အာဆင်နယ်နဲ့ စပါးဟာ အခါးသီးဆုံးပြိုင်ဘက်တွေ ဖြစ်တာကြောင့် တွေ့ဆုံမှုတိုင်းမှာ အားကုန်ထုတ် ကစားလေ့ရှိကြပါတယ်။ ပထမအကျော့အဖြစ် စပါးကွင်းမှာ ကစားတုန်းက အာဆင်နယ်က ဂါဘရီရယ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရထားပါတယ်။ လက်ရှိခြေစွမ်းအရတော့ အာဆင်နယ်တို့ နိုင်ပွဲရဖို့ မလွယ်ပေမယ့် သရေတစ်မှတ်ဆိုတာ နှစ်သင်းလုံးအတွက် မျှတတဲ့ ရလဒ်ဖြစ်မှာပါ။ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အမှတ်ခွဲယူမဲ့ ပွဲမျိုးဖြစ်လာပါလိမ့်မယ်။
ခန့်မှန်းချက် – အာဆင်နယ် ၁-၁ စပါး
ဓာတ်ပုံ – opta, Twitter