Author CJ Platform
Categories
Published on Jan 11, 2025

ယခုတစ်ပတ်ကစားမယ့် ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 

CJ Platform

 

အာဆင်နယ် – မန်ယူ (တနင်္ဂနွေည ၉ နာရီခွဲ)

 

အာဆင်နယ်အသင်းက အက်ဖ်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု ၁၄ ကြိမ်ရယူကာ မှတ်တမ်းရေးထိုးထားနိုင်တဲ့အသင်းဖြစ်ပြီး သူ့နောက်မှာတော့ မန်ယူက ၁၃ ကြိမ်နဲ့ ကပ်လိုက်နေတာပါ။ မန်ယူဟာ ဒီပြိုင်ပွဲရဲ့လက်ရှိချန်ပီယံအသင်းဖြစ်လို့ ချန်ပီယံကာကွယ်ခွင့်အတွက် အမ်းမရိတ်မှာ အားကုန်ထုတ်လာမှာသေချာပါတယ်။

 

လက်ရှိခြေစွမ်းအရ အာဆင်နယ်က အနည်းငယ် အသာရနေတယ်ဆိုပေမဲ့ သူတို့ဟာ နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားလို့ ယုံကြည်မှုလျော့နည်းနေတာကို သတိပြုသင့်ပါတယ်။ မန်ယူကတော့ နောက်ဆုံး ငါးပွဲမှာ နိုင်ပွဲမရှိသေးဘူးဆိုပေမဲ့ ပြီးခဲ့တဲ့ပွဲမှာ အန်ဖီးလ်အထိသွားပြီး လီဗာပူးလ်ကို နှစ်ဂိုးစီသရေကစားပြခဲ့တာ အထင်ကြီးစရာကောင်းပါတယ်။

 

အဲဒီပွဲစဉ်က စိတ်ဓာတ်နဲ့ခြေစွမ်းကို အမ်းမရိတ်အထိ သယ်လာနိုင်ရင် အိမ်ရှင်တို့ မလွယ်ပါဘူး။ ဒီဇင်ဘာလအစောပိုင်းတုန်းက ဒီနှစ်သင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ကြပြီး အာဆင်နယ်က နှစ်ဂိုးပြတ်အနိုင်ယူထားခဲ့ပါတယ်။ ဒီပွဲမှာတော့ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရဖွယ်ရှိနေပြီး အဆုံးသတ်မှာ အိမ်ရှင်အားသာချက်ရှိနေတဲ့ အာဆင်နယ်က နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ဖွယ်ရှိနေပါတယ်။

 

ခန့်မှန်းချက် – အာဆင်နယ် ၂-၁ မန်ယူ

 

****************************************

လီဗာပူးလ် – အက်ကရင်တန် (စနေည ၆ နာရီ ၄၅ မိနစ်)

 

နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ နိုင်ပွဲပျောက်ထားတဲ့ လီဗာပူးလ်အတွက်တော့ ဖိအားကင်းကင်းနဲ့ ကစားရမယ့် ပွဲတစ်ပွဲပါ။ မန်ယူကို အိမ်ကွင်းမှာသရေကျထားသလို ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ စပါးကို ရှုံးနိမ့်ခဲ့ရတဲ့ လီဗာပူးလ်အနေနဲ့ ဒီပွဲမှာတော့ သေချာပေါက်နိုင်ပွဲ ဖော်ဆောင်ဖို့ ပြင်ဆင်လာမှာပါ။

 

ပြိုင်ဘက် အက်ကရင်တန်ဟာ လိဂ် ၂ မှာ ရုန်းကန်နေရတဲ့ အသင်းဖြစ်လို့ လီဗာပူးလ်ကို ယှဉ်ကစားနိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားရဖို့ ရှိနေတာကြောင့် ဆာလားအပါအဝင် အဓိက ကစားသမားတွေကို အနားပေးခဲ့မယ်ဆိုရင်တောင် အနိမ့်ဆုံး နှစ်ဂိုးပြတ် အနိုင်ရဖွယ်ရှိနေပါတယ်။

 

ခန့်မှန်းချက် – လီဗာပူးလ် ၂ – ၀ အက်ကရင်တန်

 

****************************************

ချဲလ်ဆီး – မိုရီကမ်ဘီ (စနေည ၉ နာရီခွဲ)

 

ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချဲလ်ဆီးတို့ ပြန်လည် ပေါက်ကွဲပြမယ့် ညပါ။ မိုရီကမ်ဘီဟာ လိဂ် ၂ မှာတောင် အဆင့် ၂၃ နဲ့ တန်းဆင်းဇုန်ထဲ ရပ်တည်နေရတဲ့အသင်းဖြစ်လို့ အခြေအနေက မိုးနဲ့မြေလို ကွာဟနေပါတယ်။

 

ဂျက်ဆင်၊ ပါးမား၊ ဆန်ချို၊ နက်တို၊ ဂျာအိုးဖီးလစ်နဲ့ အန်ကွန်ကူတို့လို ထိပ်တန်းကစားသမားတွေ ချဲလ်ဆီးအနေနဲ့ အားကုန်မထုတ်ဘဲ အရန်ကစားသမားတွေနဲ့ လူငယ်တွေကို အချိုးကျပွဲထုတ်လာမယ်ဆိုရင်တောင် သေချာပေါက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားပါလိမ့်မယ်။

 

ခန့်မှန်းချက် – ချဲလ်ဆီး ၃-၀ မိုရီကမ်ဘီ

 

****************************************

တိုရီနို – ဂျူဗင်တပ်စ် (စနေည ၁၁ နာရီခွဲ)

 

အိမ်ရှင် တိုရီနိုအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ တိုရီနိုရဲ့တိုက်စစ်ပိုင်းက အားနည်းလွန်းနေပြီး အဲဒီ ငါးပွဲမှာ သုံးဂိုးသာ ရခဲ့တာပါ။ စီးရီးအေ ၁၉ ပွဲကစားပြီးချိန်မှာလည်း နိုင်ပွဲ ငါးပွဲသာရခဲ့ကာ အဆင့် ၁၁ အထိ ရောက်နေတာပါ။

 

ဂျူဗင်တပ်စ်ကတော့ အစောပိုင်း တာထွက်လှခဲ့သလို အခုအချိန်ထိ စီးရီးအေမှာ ရှုံးပွဲမရှိသေးဘူးဆိုပေမယ့် ၁၈ ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲသာနိုင်ခဲ့ပြီး ၁၁ ပွဲအထိ သရေကျထားခဲ့တာက ခြေစွမ်းပိုင်းကို မေးခွန်းထုတ်ရဦးမယ်လို့ ဆိုရမှာပါ။ ရာသီဝက်ပြီးချိန်မှာ ဇယားထိပ်က နာပိုလီနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့တာကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ခွင့်နည်းသွားတယ်ဆိုရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အမှားခံလို့ မရတော့ပါဘူး။

 

နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပေမယ့် ဗလာဟိုဗစ် ဂိုးသွင်းခြေပြန်ရနေတာဟာ ဂျူဗင်တပ်စ်ရဲ့ အားသာချက်ပါ။ ဂျူဗင်တပ်စ်တို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားပြီး အနိုင်သုံးမှတ် ရရှိသွားပါလိမ့်မယ်။

 

ခန့်မှန်းချက် – တိုရီနို ၀-၁ ဂျူဗင်တပ်စ်

 

****************************************

မန်စီးတီး – ဆဲလ်ဖိုဒ့်စီးတီး (တနင်္ဂနွေနံနက် ၁၂ နာရီ ၁၅ မိနစ်)

 

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်အနိုင်နဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်လာနိုင်တဲ့ ဂွာဒီယိုလာအတွက်တော့ နောက်ထပ် ကျေနပ်စရာနိုင်ပွဲတစ်ပွဲ ထပ်တိုးလာဦးမယ့် သဘောရှိပါတယ်။ ဆဲလ်ဖိုဒ့်စီးတီးဟာ လိဂ် ၂ မှာ နောက်ဆုံးကစားထားတဲ့ ငါးပွဲဆက်အနိုင်ရထားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေတယ်ဆိုပေမဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

 

မန်စီးတီးအနေနဲ့ အင်္ဂါညမှာ ဘရန့်ဖိုဒ့်ကို အဝေးကွင်းသွားကစားရဖို့ ရှိနေပြီး အဲဒီပွဲစဉ်က ပိုခက်ခဲနိုင်တာကြောင့် ဒီပွဲမှာ အဓိက ကစားသမားတွေကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ လူငယ်တွေကို အချိုးကျ ပွဲထုတ်လာနိုင်ပါတယ်။ လူငယ်တွေနဲ့ အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက် အနိုင်ကစားပြီး မန်စီးတီးတို့ နောက်တစ်ဆင့် တက်သွားဦးမှာပါ။

 

ခန့်မှန်းချက် – မန်စီးတီး ၂ – ၀ ဆဲလ်ဖိုဒ့်စီးတီး

 

ဓာတ်ပုံ – opta, Twitter