ခရိုင်းမီးယားအနောက်ဘက်စွန်းရှိ ပင်လယ်နက်အတွင်း ရုရှား ရဟတ်ယာဉ်တစ်စင်းကို ယူကရိန်းပစ်ချလို့ဆို

ယူကရိန်း ရေတပ်သုံး ဒရုန်းတစ်စင်းဟာ ယူကရိန်းအနောက်ဘက်စွန်းရှိ ပင်လယ်နက်အတွင်း ရုရှားပိုင် ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်းလုပ် Magura V5 ရေတပ်တိုက်ခိုက်ရေးဒရုန်းနဲ့ ရုရှားလေကြောင်းပစ်မှတ်ကို ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးက အသိပေးထားပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ရုရှားစစ်တပ်ပိုင် Mi-8 ရဟတ်ယာဉ် တစ်စင်း ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းစစ်ထောက်လှမ်းရေးက ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ပင်လယ်အတွင်း ပျက်ကျသွားတာကို တွေ့မြင်ရပါတယ်။ ဒီအဖြစ်အပျက်ကို နာမည်ကြီးနိုင်ငံတကာသတင်းဌာနတွေက အတည်ပြုနိုင်တာ မရှိသေးသလို ရုရှားဘက်ကလည်း တုံ့ပြန်တာမျိုးမရှိသေးပါဘူး။
ယူကရိန်းရဲ့ Magura ဒရုန်းတွေဟာ ၂၀၂၄ ခုနှစ်အတွင်း ရုရှားပင်လယ်နက်ရေတပ်ကို ပြန်လည်တွန်းလှန်နိုင်ဖို့အတွက် များစွာ အထောက်အကူပြုခဲ့ပြီး သင်္ဘော ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်း သတင်းဌာနတချို့က ဖော်ပြထားပါတယ်။
အဲဒီဒရုန်းတွေဟာ မိုင် ၅၀၀ ကျော် အကွာအဝေးအထိ လွှမ်းခြုံနိုင်ပြီး တစ်နာရီကို မိုင် ၅၀ အမြန်နှုန်းအထိ ရောက်နိုင်သလို ၂၅၀ ကီလိုဂရမ်လေးတဲ့ လက်နက်ထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပါတယ်။ ဒရုန်းတစ်ခုချင်းဟာ ၅.၅ မီတာရှည်ပြီး ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၄၀,၀၀၀ ကုန်ကျနိုင်တဲ့ ဒရုန်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – RBC
ပုံစာ – Magura V5 ရေတပ်တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို တွေ့ရစဉ်