ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author CJ Platform
Categories
Published on Jan 02, 2025

ပရိသတ်တွေကို တောင်းပန်ပါတယ်ဆိုရုံနဲ့ မလုံလောက်ဘူးလို့ အာမတ်ဒီယာလို ဆို

 

မန်ယူအသင်းရဲ့တောင်ပံကစားသမား အာမတ် ဒီယာလိုက လက်ရှိ အခြေအနေတွေဟာ ပရိသတ်တွေကို တောင်းပန်ရုံနဲ့ မလုံလောက်ဘူးလို့ ဝန်ခံပြောဆိုလာပါတယ်။ မန်ယူဟာ ဒီဇင်ဘာလအတွင်းမှာ ရှုံးပွဲငါးပွဲရှိခဲ့ပြီး ပေးဂိုး ၁၈ ဂိုးအထိ ရှိခဲ့ကာ အဆိုးရွားဆုံး စံချိန်မှတ်တမ်းတွေကို ရရှိထားလို့ အမှတ်ပေးဇယား အဆင့် ၁၄ အထိ ရောက်သွားပါတယ်။

 

အာမတ်ဟာ ဒီရာသီမှာ မန်ယူအတွက် ခြေစွမ်းပြကစားထားသူဖြစ်ပြီး သွင်းဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ အာမတ်က “အရမ်းကို ခက်ခဲတဲ့နှစ်ပါပဲ။ ပရိသတ်တွေကို တောင်းပန်တယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ ဒီလိုခက်ခဲတဲ့ အချိန်မှာတောင် ကျွန်တော်တို့ကို အားပေးနေလို့ ကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ရေးသား အသိပေးထားပါတယ်။

=====================================

ရီးရဲလ်က ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ မှားယွင်းကြောင်း မော်ရင်ညို ဝန်ခံ

 

ဖီနာဘာချီအသင်းရဲ့ နည်းပြ မော်ရင်ညိုက ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့တာဟာ သူ့ဘ၀ရဲ့ အကြီးဆုံး အမှားဖြစ်တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ မော်ရင်ညိုဟာ ၂၀၁၃ မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ကာ ချဲလ်ဆီးကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ဖို့ အင်္ဂလန်မြေကို ရွေးချယ်ခဲ့တာပါ။

 

မော်ရင်ညိုဟာ အဲဒီကာလမှာ ဂွာဒီယိုလာရဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့သလို ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ရီးရဲလ်အတွက် ရမှတ် ၁၀၀ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လာလီဂါမှာ စံချိန်သစ်နဲ့ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

 

မော်ရင်ညိုက “၂၀၁၃ မှာ ရီးရဲလ်ကနေ ထွက်ခဲ့မိတာ အကြီးဆုံးအမှားပါပဲ။ ပီရက်ဇ် (ရီးရဲလ်ဥက္ကဋ္ဌ) က မော်ရင်ညိုရေ၊ မင်းအတွက် ခက်ခဲတဲ့အပိုင်းက ပြီးသွားပြီ။ ကောင်းတဲ့အခိုက်အတန့်တွေ လာတော့မှာပါလို့ ပြောပေမဲ့ ကျွန်တော်ကတော့ ချဲလ်ဆီးကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့မိပါတယ်”လို့ ပြောပါတယ်။

မော်ရင်ညိုဟာ ချဲလ်ဆီးကို ပြန်လာချိန်မှာ ပရီးမီးယားလိဂ်နဲ့ ကားလင်းဖလား တစ်ကြိမ်ရခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကြီးကျယ်ခမ်းနားတဲ့ နည်းပြဘ၀ဟာ တဖြည်းဖြည်း အရောင်မှိန်သွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

=====================================

ရလဒ်ဆိုးတွေကို ရှောင်လွှဲလို့ မရနိုင်ဘူးလို့ မာရက်စ်ကာ ဆို

 

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ရလဒ်ဆိုးတွေကို ရှောင်လွှဲလို့ မရနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးနောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် အဆင့်နှစ်ကနေ အဆင့်လေးအထိ ကျဆင်းသွားပါတယ်။

 

အဲဗာတန်ကို သရေကျပြီးနောက်မှာ ဖူလ်ဟမ်နဲ့ အစ်ဆွစ်ချ်တို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ ဆယ်မှတ်အထိ ကွာဟသွားခဲ့တာပါ။ မာရက်စ်ကာက “ဘောလုံးရာသီတစ်ခုမှာ ကိုယ်မလိုချင်တဲ့ အခိုက်အတန့်တွေဆိုတာ ရှိပါတယ်။ အဲဒါတွေကို ရှောင်လွှဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

 

ဒါပေမဲ့  အကောင်းဆုံးပုံစံပြန်ရအောင် အမြန်ဆုံး အားထုတ်သွားပါမယ်” လို့ ပြောပါတယ်။ ချဲလ်ဆီးဟာ လာမယ့်စနေညမှာတော့ ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

 

=====================================

အသင်းကနေထွက်ဖို့ ပြင်ဆင်နေတယ်ဆိုတာ သတင်းအမှားတွေဖြစ်တယ်လို့ ရက်ချ်ဖို့ဒ် ထုတ်ပြော

 

မန်ယူအသင်းရဲ့တိုက်စစ်မှူး မားကပ်စ် ရက်ချ်ဖိုဒ့်ကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။ ရက်ချ်ဖိုဒ့်ဟာ မန်ယူနည်းပြသစ် အမော်ရင်လက်ထက်မှာ လူစာရင်းကနေ လေးပွဲဆက်တိုက် ချန်လှပ်ခံရပြီး နောက်မှာတော့ အသင်းပြောင်းဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာပါ။

 

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ရက်ချ်ဖိုဒ့်ကတော့ “ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သတင်းအမှားတွေ အများကြီးကို တွေ့ရပါတယ်။ တကယ့်ကို ရယ်စရာပါပဲ။ အသင်းပြောင်းမယ့်ကိစ္စ ပြင်ဆင်နေတာမရှိသလို၊ အစီအစဉ်လည်းမရှိပါဘူး”လို့ အသိပေးပါတယ်။

 

=====================================

အာနိုးလ်နဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ ရီးရဲလ်မက်ဒရစ် ကြိုးပမ်းမယ်

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာဗာဂျယ်ရဲ့နေရာကို ရေရှည်အစားထိုးမှုအဖြစ် လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ်ကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။ အာနိုးလ်ဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေသေးပါဘူး။

 

ဒါကြောင့် ရီးရဲလ်အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ရောက်ရင် အလွတ်ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမဲ့ အာနိုးလ် အနေနဲ့ စိတ်အပြောင်းအလဲ ဖြစ်သွားနိုင်တာကြောင့် ဇန်နဝါရီမှာပဲ အကြိုသဘောတူညီမှု စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်ကလည်း အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်အတွက် စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်ထားပြီး ကစားသမားရဲ့ ဆန္ဒကသာ အဓိကကျမဲ့ အခြေအနေလည်းဖြစ်ပါတယ်။