အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
တံကောက်ကြောဒဏ်ရာကြောင့် ကာလအတန်ကြာ ဆာကာ နားရမယ်
အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်သမား ဘူကာယို ဆာကာဟာ ပြီးခဲ့တဲ့စနေညက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် သီတင်းပတ်ပေါင်းများစွာ အနားယူရတော့မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုထားပါတယ်။
ဆာကာဟာ အဲဒီ ပွဲစဉ်ရဲ့ ပွဲချိန် ၂၄ မိနစ်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး အသင်းဖော် ထရော့ဆက်ဒ်နဲ့ လူစားလဲခဲ့ရသလို ပွဲအပြီးမှာတော့ ချိုင်းထောက်အကူအညီနဲ့ ကွင်းအတွင်းက ထွက်ခွာခဲ့ရပါတယ်။
ဒဏ်ရာအတိမ်အနက်ကို အသေးစိတ် စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ ကာလအတန်ကြာအနားယူရဖို့ ဖြစ်လာခဲ့တာပါ။ ဒဏ်ရာက စောစောပြန်ကောင်းလာရင်တောင် ဆာကာအနေနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲထက်မနည်း လွဲချော်ရဖို့ ရှိနေပါတယ်။
တခြားညာတောင်ပံကစားသမားတစ်ယောက်ဖြစ်တဲ့ စတာလင်ကလည်း လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာရသွားခဲ့တာကြောင့် အာတီတာအတွက် အခက်ကြုံနေရပါပြီ။
****************************************
FFP စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ တိုနာလီကို နယူးကာဆယ် ရောင်းထုတ်ချင်
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းနဲ့ ကိုက်ညီအောင် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေရပြီး အသင်းရဲ့ လက်ရှိအနေအထားအရ ဝင်ငွေပြဖို့ လိုအပ်နေတာကြောင့် လာမယ့်နွေရာသီမှာ အသင်းရဲ့ အီတလီကွင်းလယ်လူ တိုနာလီကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ Football Insider ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နယူးကာဆယ်ဟာ တိုနာလီကို ၂၀၂၃ ခုနှစ်နွေရာသီမှာ အေစီမီလန်ထံကနေ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီ အီတလီသားဟာ လောင်းကစား စည်းမျဉ်းချိုးဖောက်မှုကြောင့် ဆယ်လပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါသေးတယ်။
ပွဲပယ်ပြစ်ဒဏ်က လွတ်ပြီးနောက် ဒီရာသီမှာ လူစားဝင်ကစားခွင့်အပါအဝင် ၁၈ ပွဲအထိ ကစားခွင့်ရထားသူဖြစ်ပါတယ်။ နယူးကာဆယ်က ရောင်းထုတ်မယ်ဆိုရင်တော့ တိုနာလီကို ခေါ်ယူမယ့်အသင်းအဖြစ် ဂျူဗင်တပ်စ်က စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။
****************************************
ပွဲကစားချိန်နည်းပါးလွန်းတာကြောင့် ချဲလ်ဆီးက ထွက်ချင်နေတဲ့ အန်ကွန်ကူ
ချဲလ်ဆီးအသင်းရဲ့တိုက်စစ် အန်ကွန်ကူကတော့ ပွဲကစားချိန်မိနစ်တွေ နည်းပါးလွန်းတဲ့အတွက် လာမယ့် ဇန်နဝါရီစျေးကွက်မှာ အငှားထွက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အန်ကွန်ကူရဲ့ အေးဂျင့်ဖြစ်တဲ့ ပီနီ ဇဟာဘီကတော့ သူ့ကစားသမားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းထံ ကမ်းလှမ်းထားပြီး လုပ်ခလစာလျှော့ယူဖို့ ညှိနှိုင်းပေးသွားမယ်လို့ ဆိုထားပါတယ်။
ချဲလ်ဆီးဟာ အန်ကွန်ကူကို လိုက်ပ်ဇစ်ထံကနေ ၂၀၂၃ နွေရာသီမှာ ယူရို သန်း ၆၀ ပေးကာ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ နည်းပြ အပြောင်းအလဲ ဖြစ်တာတွေနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ အန်ကွန်ကူက ဒဏ်ရာတွေကြား ရုန်းကန်နေခဲ့ရတာပါ။
ဒီရာသီမှာတော့ ကြံ့ခိုင်မှုက ရာနှုန်းပြည့်ကောင်းမွန်နေပေမဲ့ နည်းပြ အန်ဇို မာရက်စ်ကာက အန်ကွန်ကူကို ယူရိုပါကွန်ဖရန့်လိဂ်မှာသာ ဦးစားပေးပွဲထွက်စေခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ပွဲစဉ် ၁၆ ပြီးချိန်အထိ ဦးစားပေးပွဲထွက်ခွင့် နှစ်ကြိမ်သာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
****************************************
ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သေးတယ်လို့ မန်ယူနည်းပြ အမော်ရင် ဆို
မန်ယူနည်းပြ အမော်ရင်ကတော့ လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ အထိ ရောက်ရှိနေပေမဲ့ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိနိုင်သေးတယ်လို့ အသင်းသားတွေကို အားပေးစကား ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီး အမှတ်ပေးဇယား ရပ်တည်မှုအရ အဆင့် ၁၃ က မန်ယူနဲ့ အဆင့် ၄ က နော်တင်ဟမ်ဖောရက်စ်တို့အကြား ရမှတ်ကွာခြားမှုဟာ ကိုးမှတ်သာ ရှိတာဖြစ်လို့ ပွဲ သုံး ပွဲစာ အနေအထားသာရှိတယ်လို့ ဆိုနိုင်ပါတယ်။
မန်ယူနည်းပြ အမော်ရင်က“ကျွန်တော့်အသင်းက ရလဒ်တွေ ယိမ်းယိုင်နေသလိုပဲ ကျန်တဲ့အသင်းတွေကလည်း မမှားဘဲ နေကြမှာ မဟုတ်ပါဘူး။ ရာသီရှည်တစ်ခုကို ဖြတ်သန်းချိန်မှာ အရာရာက အလှည့်အပြောင်းဖြစ်ဦးမှာပါ။ သူတို့လည်း အမှားအယွင်းကျူးလွန်မိတဲ့အချိန် ရှိလာပါလိမ့်မယ်။ အခွင့်ကောင်းကို အမိအရ ဖမ်းဆုပ်ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ အဆင့် ၄ နေရာကို ကျွန်တော်တို့မှာ မျှော်လင့်ခွင့် အပြည့်အဝရှိပါတယ်။ ကျွန်တော်တို့မှာ လုပ်ပြနိုင်စွမ်းရှိနေပြီးသားလို့ ယုံကြည်ပြီးသားပါ”လို့ ပြောပါတယ်။
****************************************
ဘန်ချီဝဲလ်အတွက် ကမ်းလှမ်းမှုတွေကို ချဲလ်ဆီး လက်ခံမယ်
ချဲလ်ဆီးအသင်းရဲ့ နည်းပြ မာရက်စ်ကာကတော့ အသင်းရဲ့ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်ပြီး သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ချီဝဲလ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကမှ ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရကာ ပွဲကစားခွင့် တစ်ကြိမ်သာ ရရှိထားတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အသက် ၂၈ နှစ်သာရှိသေးတဲ့ ချီဝဲလ်ကို ခေါ်ယူဖို့အတွက် ဘရန့်ဖိုဒ့်နဲ့ တူရကီကလပ်တွေဖြစ်တဲ့ ဖီနာဘာချီ၊ ဂါလာတာစာရေးတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Goal, sky sports