ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author CJ Platform
Categories
Published on Dec 19, 2024

ကရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်တက်လာတဲ့ သုံးသင်း

 

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် ၃ ပွဲမှာတော့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ လီဗာပူးလ်တို့က နိုင်ပွဲရခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာပါတယ်။

အာဆင်နယ်က ပဲလေ့စ်ကို ၃-၂၊ လီဗာပူးလ်က ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၁-၂၊ နယူးကာဆယ်က ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အသီးသီး အနိုင်ယူ ကျော်ဖြတ်ခဲ့ကြတာပါ။ ဒီညမှာတော့ ကွာတားဖိုင်နယ်ရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ စပါးနဲ့ မန်ယူတို့ ကစားဖို့ ရှိနေပါတယ်။ အဲဒီပွဲအပြီးမှာတော့ ဆီမီးဖိုင်နယ်တွဲဆိုင်းတွေလည်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

****************************************

အင်တာကွန်တီနန်တယ်ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

 

ကာတာနိုင်ငံမှာ ကျင်းပတဲ့ အင်တာကွန်တီနန်တယ်ဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ မက္ကဆီကိုကလပ် ပီချူကာအသင်းကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အင်တာကွန်တီနန်တယ်ဖလားဟာ တိုက်ကြီး ငါးတိုက်မှာ ဗိုလ်စွဲတဲ့ အသင်းတွေသာ ယှဉ်ပြိုင်ရတာဖြစ်ပြီး ကွန်ကာကပ်ဖ်ချန်ပီယံ ပီချူကာဟာ အာဖရိက ချန်ပီယံဖြစ်တဲ့ အီဂျစ်ကလပ် အယ်လ်အာလီအနိုင်ယူပြီး ဗိုလ်လုပွဲဆီ ရောက်လာခဲ့တာပါ။

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဗိုလ်လုပွဲကနေ အသင့်စောင့်ပြီး ကစားခွင့်ရတဲ့ ဖလားပွဲလည်း ဖြစ်ပါတယ်။ ရီးရဲလ်အတွက် ဂိုးတွေကိုတော့ အမ်ဘတ်ပေ၊ ရိုဒရီဂိုနဲ့ ဗီနီဆီးယက်တို့က သွင်းယူပေးခဲ့ကြပါတယ်။

****************************************

ရက်ချ်ဖို့ဒ်ကို ခေါ်ယူဖို့ အက်သလက်တီကိုနဲ့ ဆော်ဒီကလပ်တွေ စိတ်ဝင်စား

 

မန်စီးတီးကို အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက်မှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်မယ့် အချိန်ရောက်ပြီလို့ ပြောဆိုခဲ့ပြီး အသင်းပြောင်းမဲ့ စကားမျိုးကို ပြောဆိုလာခဲ့တာပါ။ ဒါကြောင့် သူ့ကို ခေါ်ယူဖို့အတွက် စပိန်လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုကလည်း စိတ်ဝင်စားနေပါတယ်။

အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာလည်း ချဲလ်ဆီးနဲ့ မန်စီးတီးဆီကနေ ဂါလက်ချာနဲ့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူထားခဲ့တာကြောင့် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကို မျက်စိကျနေတယ်လို့ ဆိုနိုင်ပါတယ်။

အက်သလက်တီကိုဟာ ရက်ချ်ဖို့ဒ်ကို ရာသီကုန်ထိ အငှားနဲ့ခေါ်ခွင့်ရဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဆော်ဒီအာရေဗျကလပ်အသင်းတွေကလည်း မြင့်မားတဲ့လုပ်ခလစာခံစားခွင့်တွေနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

****************************************

ဇန်နဝါရီစျေးကွက်မှာ ခံစစ်နဲ့ တိုက်စစ် မန်စီးတီး အားဖြည့်မယ်

 

ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာရတဲ့အထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ လာမယ့် ဇန်နဝါရီစျေးကွက်အရောက်မှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားဖို့ ရှိနေပါတယ်။ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုအဖြစ် ခရစ္စတယ်ပဲလေ့စ်ရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂူဟီကိုခေါ်ယူဖို့ ရည်ရွယ်ထားပြီး တိုက်စစ်ပိုင်းအတွက်လည်း ဘရိုက်တန်ရဲ့ အိုင်ယာလန်တိုက်စစ်မှူး ဖာဂူဆန်ကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်မှာ လေးကြိမ်ဆက်ဗိုလ်စွဲထားတဲ့ မန်စီးတီးဟာ ဒီရာသီမှာတော့ ချန်ပီယံဆုကာကွယ်နိုင်ဖို့အခွင့်အလမ်းနည်းနေပြီး ဇယားထိပ်က လီဗာပူးလ်ထက်တစ်ပွဲပိုကစားပြီး ကိုးမှတ်အထိ ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။

****************************************

အာနိုးလ်ကို အလွတ်ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရီးရဲလ် မျှော်လင့်

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ရောက်ရင် လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အာနိုးလ်ဟာ ဇန်နဝါရီမှာတော့ ပြည်ပကလပ်တွေနဲ့ တရားဝင်ဆွေးနွေးခွင့် ရရှိထားတာပါ။

လီဗာပူးလ်အသင်းဘက်ကကလည်း စာချုပ်သစ်ကမ်းလှမ်းထားပြီး ကစားသမားအနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

 

ဓာတ်ပုံ – Goal, Twitter