ရန်ကုန်က အလုပ်သမားလူမှုဖူလုံရေးဆေးခန်းတွေမှာ ဆေးဝါးနဲ့ ဆရာဝန် လိုအပ်ချက်တွေကြောင့် ကျန်းမာရေးအတွက် အားကိုးမရဖြစ်နေ

Author ကိုထက်
Categories
Published on Dec 17, 2024

အာဏာသိမ်းကာလအတွင်း ရန်ကုန်က အလုပ်သမား လူမှုဖူလုံရေးဆေးခန်းတွေကို အလုပ်သမားတွေ သွားရောက် ပြသတဲ့အခါ ဆေးဝါးမပြည့်စုံမှု၊ ဆရာဝန်မရှိမှုတွေနဲ့ ကြုံတွေ့နေရပြီး ကျန်းမာရေးအတွက် အားကိုးမရဖြစ်တယ်လို့  စက်ရုံအလုပ်သမားတွေဆီက စုံစမ်းသိရှိရပါတယ်။

 

စက်ရုံအလုပ်သမားတွေ အနေနဲ့ လူမှုဖူလုံရေးကြေးကို လစဉ်ရရှိတဲ့ လစာထဲကနေ ပေးသွင်းနေရပေမဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အားကိုးလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

 

“ဆရာဝန်က သွားပြတဲ့အချိန်တိုင်း မရှိဘူး။ အကြာကြီးတွေ စောင့်ရတယ်။ ‌ဆေးကလည်း ငါးမျိုးလောက်ပေးရမယ်ဆို၊ တစ်မျိုးလောက်ပဲ အဲဒီက ရတယ်။ ကျန်တာအပြင်ကနေ ဝယ်ရတယ်”လို့ လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံအလုပ်သမ မမျိုးမျိုးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အလုပ်သမားတွေအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်းတွေ ဖွင့်လှစ်ပေးထားပေမဲ့ အဲဒီဆေးခန်းတွေမှာ ဆက်ဆံရေး အဆင်မပြေတာတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် လူမှုဖူလုံရေးဆေးခန်းပြသဖို့ စက်ရုံဘက်ကို အရင်ဆုံး ခွင့်တိုင်ကာ ပြသရပေမဲ့ အဲဒီပျက်ရက်အတွက် လစာဖြတ်တောက်တာတွေ အလုပ်သမားတချို့အနေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

 

“တကယ်‌ဆိုသူတို့က လစာပြည့် ခွင့်ပေးရမှာလေ။ တချို့စက်ရုံတွေမှာ လာမဆင်းတဲ့နေ့ ပိုက်ဆံမရဘူး။ ကျန်းမာရေးမကလို့၊ ဘာဖြစ်နေနေ။ အဲဒီတော့ အလုပ်သမားတွေလည်း ပိုက်ဆံသာရာခိုင်နှုန်းနဲ့ လတိုင်းထည့်နေရတာ။ အကျိုးခံစားခွင့်က ဘာမှမရဘူး”လို့ သူက ‌ဆိုပါတယ်။

 

လူမှုဖူလုံရေးအာမခံစနစ်ဟာ အခြေခံ လုပ်အားခလစာငွေထဲက အလုပ်ရှင်ဘက်က ထည့်ဝင်ကြေး ၃ ရာခိုင်နှုန်း အလုပ်သမားဘက်က ထည့်ဝင်ကြေး ၂ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း ပေးဆောင်ရတာ ဖြစ်ပါတယ်။

 

၂၀၁၂ ခုနှစ်မှာ ပြဌာန်းထားတဲ့ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ်‌ခြောက်မျိုးမှာ ‌ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်မှာ ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် နှစ်မျိုးကိုသာ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – MOI

ပုံစာ – ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမားလူမှုဖူလုံရေး ဆေးခန်းတစ်ခုကို တွေ့ရစဉ်။