အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
အာဖရိက တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လွတ်ခ်မန်းဆွတ်ခူး
၂၀၂၄ ခုနှစ်အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို စီးရီးအေကလပ် အတ္တလန္တာအသင်းမှာ ကစားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး လွတ်ခ်မန်းက ရရှိသွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်က ရရှိခဲ့တာဖြစ်လို့ ၂ နှစ်ဆက်တိုက် နိုင်ဂျီးရီးယားသားတွေက ရရှိခဲ့ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
လက်ရှိအချိန်မှာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန္တာအသင်းနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဗိုလ်လုပွဲမှာ လေဗာကူဆင်အသင်းဘက်ကို တစ်ဦးတည်း သုံးဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လွတ်ခ်မန်းဟာ ဥရောပပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ခြောက်ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုစာရင်းမှာလည်း အဆင့် ၁၄ မှာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။
****************************************
ရက်ချ်ဖို့ဒ်ကို မန်ယူ အရောင်းစာရင်း တင်ပြီ
မန်ယူအသင်းဟာ သူတို့ရဲ့ ငယ်မွေးခြံပေါက် တိုက်စစ်မှူးဖြစ်တဲ့ မားကပ်စ် ရက်ချ်ဖို့ဒ်ကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်တယ်လို့ ဂါးဒီယန်းသတင်းစာရဲ့ ဖော်ပြမှုအရ သိရပါတယ်။
မန်ယူနည်းပြ အမော်ရင်ဟာ သူ့ရဲ့အနာဂတ်အစီအစဉ်မှာ ရက်ချ်ဖို့ဒ်ကို ထည့်သွင်ခြင်း မရှိတော့ဘဲ လာမယ့် ဇန်နဝါရီစျေးကွက်မှာ သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာဖြစ်ပြီး သင့်တော်တဲ့ နှုန်းထားတစ်ရပ်နဲ့ ရောင်းထုတ်သွားမယ်လို့ ဆိုပါတယ်။
မန်ယူနည်းပြ အမော်ရင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ရက်ချ်ဖိုဒ့်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ရက်ချ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ လုပ်ခလစာအများဆုံး ရရှိတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်လို့ ဘဏ္ဍာရေးမျှခြေအရလည်း သူ့ကို ထုတ်ရောင်းတာက အသင်းအတွက် ပိုပြီး အဆင်ပြေစေမယ်လို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
****************************************
မိုဟာမက် ဆာလားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းကတော့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေခဲ့ပြီလို့ စပိန်ရဲ့နာမည်ကျော်သတင်းစာ မာကာက ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ဆာလားတို့ရဲ့ စာချုပ်ဟာ လာမယ့် ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းခဲ့ဘူးဆိုရင် ဆာလားအနေနဲ့ ယခုဒီဇင်ဘာအကုန်မှာ ပြည်ပကလပ်တွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။
ဆာလားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ ရရှိထားကာ ဂိုးအများဆုံးသွင်းသူအဖြစ် ဦးဆောင်နေသူဖြစ်လို့ အသင်းတာဝန်ရှိသူတွေ အနေနဲ့ ဆာလားကို နောက်ထပ်တစ်နှစ်ဆက်ထိန်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
****************************************
ပွဲကစားခွင့်နည်းပါးနေပေမဲ့ အာဆင်နယ်ကထွက်ဖို့ စတာလင် အစီအစဉ်မရှိ
ချဲလ်ဆီးကနေ အာဆင်နယ်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ စတာလင်ကတော့ အမ်းမရိတ်မှာ ပွဲကစားခွင့်နည်းပါးလွန်းနေပေမဲ့ စာချုပ်ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
စတာလင်ဟာ ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်မှာ ကစားနေတာဖြစ်ပေမမဲ့ အာဆင်နယ်က ပေါင် တစ်သိန်းသာ ပေးချေရကာ ချဲလ်ဆီးအသင်းက ပေါင် ၂ သိန်းကို ဆက်လက်ပေးချေနေရတာ ဖြစ်ပါတယ်။
စတာလင်ဟာ အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ခြောက်ပွဲသာ ကစားခွင့်ရထားခဲ့ပြီး သွင်းဂိုးလည်း မရရှိသေးပါဘူး။ ဒါပေမဲ့ အင်္ဂလန်သားကတော့ လက်ကျန်ဘောလုံးရာသီမှာ ပွဲကစားခွင့်ပိုမိုရရှိအောင် ကြိုးစားအားထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
****************************************
လေဗာကူဆင်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဖလော်ရီယန် ဝှစ်ဇ် ဆုံးဖြတ်
လေဗာကူဆင်အသင်းရဲ့ ဂျာမနီကြယ်ပွင့်ကစားသမား ဖလော်ရီယန် ဝှစ်ဇ်ကတော့ အသင်းနဲ့အတူ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်သက်တမ်းတစ်ရပ်ကို တိုးမြှင့်ချုပ်ဆိုသွားဖို့ သဘောတူညီလိုက်ပြီလို့ sky Germany ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဝှစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ဂျာမနီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်တွေမှာ ဝှစ်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာပါ။ ဒါပေမယ့် ဝှစ်ဇ်ကတော့ အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးမယ့် လမ်းကြောင်းကိုပဲ ရွေးချယ်လိုက်တာဖြစ်ပါတယ်။
ဓာတ်ပုံ – BBC, ESPN