“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 15, 2024

“ကန်ဒေါ်လာနဲ့ ယွမ်ကလွဲပြီး ကျန်နိုင်ငံခြားငွေဈေးတွေ ကျဆင်း”

 

စစ်ကောင်စီဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေ သန်းဆယ်နဲ့ချီ ဆက်လက်ရောင်းချပေးတာနဲ့အတူ အမေရိကန်ဒေါ်လာကလွဲပြီး ကျန်ဈေးနှုန်းတွေ ဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက်(FX)ကနေ သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းနဲ့ ထိုင်းဘတ် သန်း ၄၀ ရောင်းချပေးမယ်လို့ ဒီဇင်ဘာ ၁၀ ရက် အင်္ဂါနေ့မှာထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

ဒီလိုထုတ်ပြန်အပြီး ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၆ ကျပ်နှုန်းနဲ့ ၂၈ ဒသမ ၅ သန်း၊ ထိုင်းတစ်ဘတ် ၁၂၉ ဒသမ ၅၀ သန်းနဲ့ ခြောက်သိန်းကျော်ရောင်းချပေးခဲ့တယ်လို့ ဆက်လက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

ဒါ့အပြင် သောကြာနေ့မှာလည်း တရုတ်တစ်ယွမ်ကို ၅၃၆ ဒသမ ၈၀ ကျပ်နှုန်းနဲ့ ယွမ်သုံးသိန်းလေးသောင်းနီးပါး၊ ထိုင်းတစ်ဘတ် ၁၂၉ ဒသမ ၅၀ ကျပ်နှုန်းနဲ့ ဘတ် လေးသိန်းကျော်ထပ်မံရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။

 

အဲဒီထဲ စင်ကာပူဒေါ်လာဈေးက ပမာဏအများဆုံးကျဆင်းမှုအနေနဲ့ တစ်ဒေါ်လာကို ၄၀ ကျဆင်းသလို ထိုင်းတစ်ဘတ် နှစ်ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၁၀ ကျပ်ကျဆင်းသွားပါတယ်။ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ကိုရီးယားဝမ်ဈေးတွေကတော့ အဖွင့်ဈေးအတိုင်း ပိတ်သွားတာတွေ့ရပါတယ်။

 

စနေနေ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၁ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၀၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၆ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price