ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
“၂၀၃၀ နဲ့ ၃၄ ခုနှစ်အတွက် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေကို သတ်မှတ်ပေးခဲ့တဲ့ ဖီဖာ”
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ ၂၀၃၀ ပြည့်နှစ်နဲ့ ၂၀၃၄ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေကို ရွေးချယ်ပေးသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၃၀ မှာ စပိန်-ပေါ်တူဂီ-မော်ရိုကိုတို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ပေါင်း ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အဖွင့်ပွဲစဉ် ၃ ပွဲကိုတော့ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးနိုင်ငံတို့မှာ ကျင်းပခွင့်ပေးမယ်လို့ သိရပါတယ်။ ၂၀၃၄ ခုနှစ်အတွက် အိမ်ရှင်နိုင်ငံအဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်လိုက်ပါတယ်။ ဆော်ဒီအာရေဗျဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရည်ရွယ်ပြီး ကွင်းသစ်စီမံကိန်းတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၃၄ မှာတော့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမှာဖြစ်ပါတယ်။
“မန်စီးတီးဟာ ဖိအားအောက်ကို လုံး၀ရောက်နေပြီလို့ဆိုလာတဲ့ ဖာဒီနန်”
မန်ယူအသင်းရဲ့ဂန္ထဝင်နောက်ခံလူ ရီယို ဖာဒီနန်က သူ့ဘ၀မှာ ဂွာဒီယိုလာရဲ့အသင်းတစ်သင်းဟာ ဒီလောက်အထိ အခြေအနေဆိုးပြီး ညံ့ဖျင်းနေတာ မမြင်ခဲ့ဖူးဘူးလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက်ဆုံး ၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂၂ အထိ ရောက်ရှိသွားခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရေးအတွက် မရေရာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖာဒီနန်က “မကြာသေးတဲ့နှစ်တွေအတွင်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကိုလည်း လေးကြိမ်ဆက်ရခဲ့သူတွေပါ။ အခုတော့ ဖိအားတွေအောက်ကို အမှန်တကယ် ရောက်နေပြီဆိုတာ သေချာပါတယ်။ ဂွာဒီယိုလာရဲ့အသင်းတစ်သင်း ဒီလောက်ဆိုးသွားတာ ကျွန်တော်မမြင်ဖူးပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
“အက်ရှ်ဝပ်တ်ထွက်ခွာသွားတာ ကောင်းတဲ့အခြေအနေမဟုတ်ဘူးလို့ မန်ယူနည်းပြ အမော်ရင် ဝန်ခံ”
မန်ယူအသင်းရဲ့နည်းပြ အမော်ရင်က ဒီညမှာကစားမယ့် ပလာဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ အားကစားဒါရိုက်တာ ဒန် အက်ရှ်ဝပ်တ်ထွက်ခွာသွားတာဟာ အသင်းအတွက် ကောင်းတဲ့အခြေအနေမဟုတ်ဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အမော်ရင်က “ဒီအခြေအနေက လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်သန်းကြရမှာပါ။ အားကစားဒါရိုက်တာတစ်ယောက် မရှိတော့တဲ့အခြေအနေဟာ အသင်းတစ်သင်းအတွက် လွယ်ကူမနေပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အသင်းရဲ့ပုံစံကိုတော့ ကြီးကြီးမားမား အပြောင်းအလဲဖြစ်မသွားစေလောက်ဘူးလို့တော့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော်က တရားမျှတမှုကိုပဲ လိုချင်တာလို့ ဆိုလာတဲ့ မော်ရင်ညို”
တူရကီကလပ် ဖီနာဘာချီအသင်းရဲ့နည်းပြ မော်ရင်ညိုက ဘောလုံးလောကမှာ တရားမျှတမှုကိုပဲ လိုချင်တယ်လို့ ထုတ်ပြောလာပါတယ်။ ဘောလုံးလောကမှာ ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်တဲ့အသင်းတွေဟာ အရေးယူခံရလေ့ရှိပြီး ယမန်နှစ်ဘောလုံးရာသီမှာလည်း အဲဗာတန်အသင်းဟာ ရမှတ်လျှော့ပြစ်ဒဏ်ခံခဲ့ရဖူးပါတယ်။ လက်ရှိ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ထားပြီး စွဲချက်ပေါင်း ၁၁၅ ခုနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး မော်ရင်ညိုက ကျွန်တော်က မန်စီးတီးကို တန်းမဆင်းစေချင်ပေမဲ့ တရားမျှတမှုကိုပဲ လိုချင်ပါတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ရက်ချ်ဖိုဒ့်အတွက် တန်ကြေးသတ်မှတ်လိုက်တဲ့ မန်ယူ”
မန်ယူအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ မားကပ်စ် ရက်ချ်ဖိုဒ့်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်ရဲ့နာမည်ကျော်သတင်းစာ ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။ မန်ယူဟာ ရက်ချ်ဖိုဒ့်ရဲ့တန်ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး လာမယ့်အပြောင်းအရွှေ့စျေးကွက်တွေမှာ ကမ်းလှမ်းမှုတွေရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ချ်ဖိုဒ့်ဟာ မန်ယူအသင်းရဲ့အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ခြေစွမ်းမတည်ငြိမ်မှုကြောင့် နည်းပြအမော်ရင်ရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်ခွင့်မရတော့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Goal, Twitter