“အကောင်းနဲ့ အဆိုး ရောပြွမ်းလို့”

Author သုတ
Categories
Published on Nov 29, 2024

ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ ရခိုင်ပြည်က အမျိုးသမီးတွေရဲ့ စစ်ပွဲတွေကြားက အခက်အခဲ၊ မျှော်လင့်ချက်နဲ့ အနာဂတ်အသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ တိုက်ပွဲတွေကြားမှာ ဘယ်လိုရုန်းကန်နေရပါသလဲ။

****************************************

 

“မွတ်ဆလင်မှ မဟုတ်ဘူး။ ကျန်တဲ့လူမျိုးစုတွေပါ ရှေ့ဆက်အဆင်ပြေပြေ နေထိုင်သွားဖို့ကို ကျွန်မ မျှော်လင့်တယ်”

 

ဒေါ်လှကြည်ခိုင် (ကျောက်တော်)

 

“အဆင်ပြေနေကြတယ်ပဲ ပြောရမှာပေါ့။ ကျောက်တော်မှာတော့ စီးပွားရေးတွေ အဆင်ပြေကြတယ်။ အိန္ဒိယဘက်ကနေ ကုန်တွေက ကျောက်တော်က တဆင့် ဝင်ကြတော့ အရောင်းအဝယ်တွေ ဖြစ်ကြတာတော့ရှိတယ်။ ဒါပေမဲ့ လေကြောင်းကတော့ သတိထားရတယ်။ အုပ်ချုပ်ရေးလည်း ပုံမှန် လည်ပတ်နေပါတယ်။ ကျန်တဲ့ ပညာရေး၊ ကျန်းမာရေးကတော့ လုပ်ရဖို့တွေ ရှိသေးတာပေါ့။ အဓိကတော့ ကျန်းမာရေးပေါ့။ ကျွန်မတို့မှာ ခေါင်းဆောင်ကောင်းရှိနေပြီပဲ။ ဖြစ်လာမှာပါ။ ဒီမှာဆို မွတ်ဆလင်တွေရော ရခိုင်တွေရော အရင်ထက် တရင်းတနှီး အဆင်ပြေပြေ ရှိကြတယ်လေ။ ဒါတွေဟာ ကောင်းတဲ့ကိစ္စတွေပဲ။ မွတ်ဆလင်မှ မဟုတ်ဘူး၊ ကျန်တဲ့လူမျိုးစုတွေပါ ရှေ့ဆက် အဆင်ပြေပြေနေထိုင်သွားဖို့တွေကို ကျွန်မမျှော်လင့်တယ်။ ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်မတို့ ထင်ပါတယ်”

****************************************

 

“အိပ်နေရင်တောင် အတွေးဝင်လာရင် စိတ်မဖြောင့်တော့ဘူး”

 

ဒေါ်မပုချေ (မြောက်ဦးမြို့)

 

“ပုံမှန်ပါပဲ ကျမတို့ဘက်တော့။ ဒါပေမဲ့ တစ်ခါတလေ လေကြောင်းလာပစ်တာရှိတယ်။ ဘယ်အချိန်လာမလဲတော့ စိတ်ပူနေရတာပေါ့။ အိပ်နေရင်တောင် အတွေးဝင်လာရင် စိတ်မဖြောင့်တော့ဘူး။ ကျန်တာကတော့လေ စစ်တယ်။ ဆေးတယ်။ ဖမ်းတယ်ဆီးတယ်တော့ မရှိတော့ဘူးပေါ့။ ဒီမှာ ဘာလဲဆို စျေးကြီးတယ်။ အစစအရာရာ။ အရင်ထက် စျေးကြီးတယ်။ အဝတ်အစားတွေဆို အရီးတို့ အဟောင်းတွေနဲ့ပဲ အသစ် မဝယ်ဖြစ်တော့ဘူး။ အစားအသောက်ကတော့ အဆင်ပြေသလို ကြည့်ဖြေရှင်းကြရတာပဲ။ နောက်တော့ အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုကတော့ သိပ်မလုပ်နိုင်ကြသေးပေမဲ့ နောက်ဆို အလုပ်အကိုင်အခွင့်အလမ်းတွေကအစ အကုန်အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်တယ်”

****************************************

 

“အရင်လို ခြိမ်းခြောက်ဖမ်းဆီးတဲ့ စစ်တပ်တို့ ရဲတို့လည်း မရှိတော့၊ လေကြောင်းကလွဲရင် ကြောက်စရာမရှိဘူး”

 

ဒေါ်ဝင်း(အမည်လွှဲ) (ကျောက်တော်မြို့)

 

“အရီးတို့ ဒီရောက်တာ ငါးလလောက် ရှိပြီ။ အစပိုင်းတော့ သူများဆီမှာ နေရတယ်။ ငွေကြေးကုန်ကျမှုများတယ်။ အခုက မုန့်တီဆိုင်လေးဖွင့်ပြီး အတော်အသင့် အဆင်ပြေလာတယ်။ ဒီမှာက ပြန်စည်ကားနေကြပြီလေ။ ပြီးတော့ အရင်လို ခြိမ်းခြောက်ဖမ်းဆီးတဲ့ စစ်တပ်တို့ ရဲတို့လည်း မရှိတော့ လေကြောင်းကလွဲရင် ကြောက်စရာမရှိဘူး။ အရင်ကထက် အချင်းချင်းကြားမှာလည်း ယုံကြည်မှုတွေရလာတယ်။ မွတ်ဆလင်တွေနဲ့လည်း  အချင်းချင်းလေးစားမှုနဲ့ ဆက်ဆံမှုတွေ ဖြစ်လာတယ်လို့မြင်ရတယ်”