“ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ကရင်နဲ့ မွန်တို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးရွာနိုင်

Published on Nov 29, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ရှမ်းပြည်မှာ နေရာအနှံ့အပြား၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေရာကွက်ကျားမိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာမှာတည်ရှိနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီ မုန်တိုင်းငယ်ကို ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမယ်လို့ အိန္ဒိယမိုးလေဝသဌာန IMD က  ကြေညာထားပေမဲ့ အခုထိ ဖြစ်မလာသေးဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုထားပြီး မြန်မာနိုင်ငံဘက်မှာတော့ မိုးရွာနိုင်ချေတွေ လျော့လာတယ်လို့ ပြောဆိုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

 

 

Related News

Depend on news