ဖလမ်းမှာ နှစ်ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်ခံရ၊ လူခြောက်ဦးထက်မနည်း သေဆုံး

Author ဆလိုင်း
Categories
Published on Nov 27, 2024

ချင်းပြည်၊ ဖလမ်းမြို့နယ်က လုမ်သဲနဲ့ ဗားရ်ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေရှိရာ လုမ်သဲကျေးရွာထဲ လေကြောင်းနဲ့ ဗုံးသီး ငါးလုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

“အမျိုးသား လေးယောက်နဲ့ အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲထဲမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတွေလည်းရှိတယ်” လို့ အသက် ၂၈ နှစ်အရွယ် ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် အရပ်သားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးပြီး ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲတော့တဲ့အတွက် အနီးနားကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ ရက်က စစ်ကောင်စီတပ်ရဲ့ ဗားရ်ကျေးရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာတော့ ရွာတွင်းက ဘုရားကျောင်းအနည်းငယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဖလမ်းမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ တပ်အင်အားတွေ ဖြည့်တင်းမှုတွေပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

“ဖလမ်းတိုက်ပွဲက အောင်မြင်မှုရှိသလို နှစ်ဖက်ကျဆုံးမှုလည်းရှိတယ်။ စစ်ကောင်စီဘက်က မထင်မှတ်ထားတဲ့ပမာဏနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်” လို့ ချင်းညီနောင်အဖွဲ့ဘက်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖလမ်းမြို့ တိုက်ပွဲပြင်းထန်လာတာနဲ့အတူ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့ သူက ပြောပါတယ်။

 

လက်ရှိ ချင်းပြည်မှာ ဖလမ်း၊ မင်းတပ်၊ ထန်တလန် စတဲ့မြို့တွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

နှစ်ပတ်ခန့်ကြာထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဟားခါးမြို့မှာတော့ စစ်ကောင်စီတပ်က နိုဝင်ဘာလ ဒုတိယအပတ်ကစလို့ လူအင်အားနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်