CJ Platform ကရေးသားဖော်ပြပြီးနောက် မင်းကင်းပကဖလုပ်ကိုင်ခွင့်ပေးထားတဲ့ ရွှေမျောလုပ်ကွက်တွေအရေး NUG ပြန်စိစစ်နေ ပကဖဒုခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေ ရောင်းချတယ်လို့ဝန်ခံပြီး တောင်းပန်ကြောင်း‌ ပြော

Author Justino
Categories
Published on Nov 26, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရွှေမျောလုပ်ကွက်တွေကို ဒေသခံတွေရဲ့သဘောတူညီချက်မပါဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ငန်းရှင်တွေဆီ လုပ်ကိုင်ခွင့်ချပေးတဲ့အပေါ် CJ Platform သတင်းဌာနက သတင်းအနေနဲ့ ရေးသားဖော်ပြအပြီး ရက်ပိုင်းအတွင်း NUG ဘက်က ပြန်လည်စိစစ်မှုတွေ စတင်နေပါတယ်။

 

အဲဒီလုပ်ကွက်တွေကို မင်းကင်းတိုက်နယ်၊ မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေပူးပေါင်းပြီး လုပ်ငန်းရှင်တွေဆီရောင်းချခဲ့ပြီးနောက် နို၀င်ဘာ ၁၅ ရက်ကစလို့ လုပ်ငန်းတွေလည်ပတ်နေတဲ့အကြောင်း ပြီးခဲ့တဲ့နို၀င်ဘာ ၂၃ ရက် စနေနေ့မှာ CJ Platform က သတင်းအနေနဲ့ စုံစမ်းရေးသားဖော်ထုတ်ခဲ့ပါတယ်။

 

ယမန်နေ့ နို၀င်ဘာ ၂၅ ရက်နေ့က မြောက်ချွန်းရွာ ဆယ်အိမ်မှုး ၁၇ ယောက်အပါအဝင် ရပ်မိရပ်ဖ၊ ပကဖအဖွဲ့၀င်တွေနဲ့ မြို့နယ်အဆင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့၀င်တို့ ဒီအရေးဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ မင်းကင်းမြို့နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဟာ ဒေသကာကွယ်ရေးအဖွဲ့(LPDF)တစ်ခုဖြစ်တဲ့ ဆရာစံ၊ တပ်ရင်းငါးရင်းနဲ့ မြို့နယ်တာ၀န်ရှိသူတွေ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

 

အခုတွေ့ဆုံမှုမှာ CJ Platform ရဲ့သတင်းတက်ပြီးမှသိလာရတဲ့အတွက် သတင်းပြတ်တောက်လို့ ဖြစ်ခဲ့တဲ့အရာမျိုး နောက်ထပ်အဖြစ်မခံနိုင်ဘူးလို့ ကော်မတီအဖွဲ့၀င်တွေက ပြောခဲ့တဲ့အကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

 

ရွှေမျောလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

NUG ၀န်ကြီးဌာနအနေနဲ့ ရွှေမျောလုပ်ကွက်ဧရိယာကို မရောင်းချထားဘဲ အချိန်အကန့်အသတ်နဲ့ ထုတ်ခွင့်ပေးထားတာကြောင့် နောက်ပိုင်းမှာ သယံဇာတကော်မတီကပဲ မြောက်ချွန်းအနီးက ရွှေမျောလုပ်ငန်းတွေကို ကြီးကြပ်မယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အသက် ၄၀ ၀န်းကျင်ရှိ မြောက်ချွန်းဒေသခံအမျိုးသားက CJ Platform ကို ပြောပါတယ်။

 

ကော်မတီအဖွဲ့၀င်တွေဟာ စမ်းသပ်ကာလအတွင်း မင်းကင်းပကဖက ကျပ်သိန်း ၁၅၀၀ နဲ့ လုပ်ငန်းရှင်တွေဆီက ရယူခဲ့တာကြားသိထားခဲ့ရပေမဲ့ ကျန်သတင်းအချက်အလက်တွေကို CJ Platform က ရေးသားဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

အထက်ပါတွေဆုံမှုမှာ ဒေသခံတွေရဲ့သဘောတူညီချက်မရယူဘဲ ရွှေမျောလုပ်ကိုင်ခွင့်ကို ရောင်းချခဲ့တဲ့ မြို့နယ်ပကဖ(ဒုခေါင်းဆောင်)နဲ့ ပူးပေါင်းပါ၀င်ခဲ့တဲ့ ပကဖအဖွဲ့၀င်တွေဟာ သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ၀န်ခံတဲ့အပြင် တောင်းပန်ကြောင်း ပြောကြားခဲ့တယ်လို့လည်း နောက်ထပ် အသက် ၃၀ ခန့်ရှိ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ရွှေမျောလုပ်ကွက်တွေဟာ မြောက်ချွန်းရွာနဲ့ ကိုက် ၁၀၀ အကွာမှာရှိနေတာကြောင့် ကျေးရွာဘက်က သဘာ၀ဘေးဖြစ်မယ့် အန္တရာယ်၊ ထိခိုက်နစ်နာမှုတွေအတွက် ကော်မတီက ဒေသခံနဲ့ လုပ်ငန်းရှင်တို့ကြား ညှိနှိုင်းလုပ်ဆောင်ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း အထက်ပါ တွေ့ဆုံမှုမှာ ပါ၀င်ခဲ့သူတွေဆီကနေ သိရပါတယ်။

 

တစ်ဖက်မှာလည်း ပြည်သူ့ကွယ်ရေးအဖွဲ့တွေက လုပ်ငန်းကရရှိတဲ့ငွေကြေးတွေကို တော်လှန်ရေးအတွက် အသုံးပြုဖို့လိုအပ်တယ်ဆိုတဲ့တောင်းဆိုချက်တွေကြောင့် ကျေးရွာက ရွှေမျောလုပ်ငန်းကို မဖြစ်မနေလက်ခံရမယ့်အနေအထားဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

“ရွာအထက်ကိုတက်ဖို့ ကျေးရွာအတွက် ငွေကြေးညှိနှိုင်းဖို့တွေရှိတယ်ပေါ့။ ရွှေမျောခွင်တွင်း လုံခြုံရေးအတွက် သူတို့ရဲဘော်တွေ သေချာစောင့်ကြပ်မယ်။ တခြားလက်နက်ကိုင်ဘယ်သူမှ ၀င်ထွက်လို့မရဘူးပေါ့” လို့ ရွှေမျောလုပ်ငန်းနဲ့ပတ်သက်ပြီးကျေးရွာလူထုမနစ်နာစေရေးအတွက် ကော်မတီရဲ့ ပြောဆိုချက်ကို အထက်ပါ အသက် ၄၀ ၀န်းကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒေသခံတွေအနေနဲ့လည်း ရွှေမျောလုပ်ငန်းပြန်လည်စိစစ်ရေးနဲ့ ရွှေမျောလုပ်ငန်းနဲ့ပတ်သက်ပြီး ကျေးရွာပိုင်မြေအလွဲသုံးစားလုပ်မှုတွေအပြင် ပြစ်မှုပြစ်ဒဏ်မမျှတမှု၊ ရပ်ရွာငွေကြေးပိုင်းဆိုင်ရာ မရှင်းလင်းမှုတွေကြောင့် မြောက်ချွန်းကျေးရွာ ‘ပ’သုံးလုံး(ပကဖ ၊ ပအဖ ၊ ပလဖ)အဖွဲ့ ပြန်လည်ရွေးချယ်ပေးဖို့ ကျေးရွာရှိ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်နဲ့ မင်းကင်းမြို့နယ်၊ တိုက်နယ်ပအဖနဲ့ ခရိုင်ပကဖတာ၀န်ရှိသူတွေဆီ တိုင်ကြားစာပို့ထားတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်