“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ)

Published on Nov 23, 2024

“ကြာကြာမပျော်လိုက်ရတဲ့ ရွှေဈေး”

 

ဒီတစ်ပတ် အစပိုင်းရက်တွေထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၆၀ အောက်ထိ ကျဆင်းခဲ့ပေမဲ့ နောက်ပိုင်းရက်တွေမှာတော့ ဆက်တိုက်ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အပျော် ကြာကြာမခံလိုက်ပါဘူး။

 

ပြီးခဲ့တဲ့အပတ်ထဲ တောက်လျှောက်ကျဆင်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတစ်ပတ်အဖွင့်ရက် နိုဝင်ဘာ ၁၈ ရက် တနင်္လာနေ့မှာလည်း အကျဈေးနဲ့ဖွင့်လှစ်လာခဲ့ပြီး တစ်ကျပ်သား ကျပ်သိန်း ၆၀ လောက်နဲ့ဈေးပိတ်ခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်တစ်နေ့ အင်္ဂါနေ့မှာပဲ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက်အထိ ပြန်လည်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ နောက်တစ်နေ့မှာလည်း အမြင့်ဈေးနဲ့ဖွင့်ပေမဲ့ ညနေပိုင်းမှာ အနည်းငယ်ပြန်လည်ကျဆင်းသွားပါတယ်။

 

အဲဒီနောက် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး စနေနေ့မှာ ဒီတစ်ပတ် အမြင့်ဆုံးဈေးဖြစ်တဲ့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၃ သိန်းကျော်နဲ့ ပိတ်ခဲ့တာတွေ့ပါတယ်။

 

ဒါကြောင့် ပြီးခဲ့တဲ့အပတ်ကထက် အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းခွဲအထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးနှုန်းတွေလည်း တစ်ပတ်အတွင်း ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းနီးပါးအထိ မြင့်တက်လာတာတွေ့ရပါတယ်။

 

နောက်ပြီး တောက်လျှောက်ပြန်ကျနေတဲ့ ကမ္ဘာ့ရွှေဈေးတွေလည်း ပြန်လည်မြင့်တက်လာပြီး ဒီတစ်ပတ်အတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည် တစ်ကျပ်သား ၅၉ သိန်း ခြောက်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်း သုံးသောင်းကျပ်၊ YGEA ဈေးက တစ်ကျပ်သား ကျပ် ၅၄ သိန်းကျော်ဈေးရှိပြီး ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၇၁၅ ကျော်ဈေးရှိပါတယ်။

 

Source – Myanmar Market Price