ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Nov 23, 2024

လက်စတာ – ချဲလ်ဆီး (စနေည ၇ နာရီ)

 

ချဲလ်ဆီးနည်းပြ မာရက်စ်ကာအတွက်တော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့်ပွဲပါပဲ။ သူဟာ လက်စတာကို တစ်ရာသီသာ တာဝန်ယူခဲ့ပေမဲ့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးမှ ချဲလ်ဆီးကို ပြောင်းလာခဲ့တာပါ။

 

လက်စတာဟာ ဒီရာသီ ၁၁ ပွဲကစားပြီးချိန်မှာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး ခံစစ်ပိုင်းက ၂၁ ဂိုးအထိ ပေးထားရကာ အဆင့် ၁၅ ထိ ရောက်နေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ တည်ငြိမ်တဲ့ ပုံစံရရှိနေပြီး အာဆင်နယ်နဲ့ မန်ယူကို သရေကစားကာ နိုင်သင့်တဲ့ပွဲမျိုးကို အနိုင်ရအောင် ကစားထားနိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး ငါးပွဲမှာ ၁၂ ဂိုးရထားတဲ့ ချဲလ်ဆီးတိုက်စစ်ကို ငါးပွဲဆက် ဂိုးပေးထားရတဲ့ လက်စတာခံစစ်ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ ချဲလ်ဆီးတို့ အနိုင်သုံးမှတ် သေချာတဲ့ပွဲပါပဲ။

 

ခန့်မှန်းချက် – လက်စတာ ၀-၂ ချဲလ်ဆီး

 

အာဆင်နယ် – နော်တင်ဟမ်ဖောရက်စ် (စနေည ၉ နာရီခွဲ)

 

အမှတ်တူအနေအထားနဲ့ ပရီးမီးယားလိဂ်မှာ အပေါ်အောက် ရပ်တည်နေတဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ကွင်းဖြစ်လို့ အာဆင်နယ် အသာရနိုင်ပေမဲ့ ဖောရက်စ်ဟာ ဒီရာသီမှာ ရှုံးပွဲတစ်ပွဲတည်းရှိတဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ကစားပြထားတဲ့ အသင်းဖြစ်လို့ လျှော့တွက်မိရင် ဒုက္ခများသွားနိုင်ပါတယ်။ အာဆင်နယ်ကလည်း နောက်ဆုံး ငါးပွဲမှာ ချန်ပီယံရှစ်က အသင်းတစ်သင်းတည်းကို အနိုင်ရခဲ့တာဖြစ်လို့ မဖြစ်မနေ နိုင်ပွဲရှာဖို့ လိုအပ်နေပါပြီ။ အိုဒီဂတ်လည်း ပြန်လည်ပါဝင်လာမှာဖြစ်လို့ တိုက်စစ်ကစားပုံပိုကောင်းလာမယ့် အာဆင်နယ်တို့ ခက်ခက်ခဲခဲကစားပြီး အနိုင်သုံးမှတ် ရသွားပါလိမ့်မယ်။

 

ခန့်မှန်းချက် – အာဆင်နယ် ၁-၀ နော်တင်ဟမ်ဖောရက်စ်

 

အေစီမီလန် – ဂျူဗင်တပ်စ် (စနေည ၁၀ နာရီခွဲ)

 

အေစီမီလန်ဟာ ဒီရာသီမှာ ခြေစွမ်းအနည်းငယ် ပျက်ယွင်းနေပြီး ၁၁ ပွဲကစားပြီးချိန်မှာ ငါးပွဲနိုင်၊ သုံးပွဲသရေနဲ့ သုံးပွဲအထိ ရှုံးပြီး အဆင့်ခုနစ်အထိ ရောက်နေခဲ့ပါတယ်။ တိုက်စစ်က တစ်ပွဲ နှစ်ဂိုးနှုန်း သွင်းထားနိုင်ပေမဲ့ ခံစစ်က ယိုယွင်းနေတာ မီလန်ရဲ့ အားနည်းချက်ဖြစ်နေတာပါ။ တစ်ဖက်မှာ ဂျူဗင်တပ်စ်ကလည်း ဒီရာသီ စီးရီးအေမှာ ရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ ၁၂ ပွဲကစားထားရာမှာ ခြောက်ပွဲသာနိုင်ပြီး ခြောက်ပွဲအထိ သရေကျထားလို့ မီလန်ရဲ့အထက် အဆင့်ခြောက်ထိ ရောက်နေပါတယ်။ ဒီပွဲကတော့ ပူလီဆစ်၊ လီယာအိုတို့ တိုက်စစ်နဲ့ ဗလာဟိုဗစ်၊ တီမိုသီ ဝီယာတို့ တိုက်စစ်ချင်း အားပြိုင်မယ့်ပွဲပါ။ မီလန်ရဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတလိမ့်မယ်ထင်ပါတယ်။

 

ခန့်မှန်းချက် – အေစီမီလန် ၁-၁ ဂျူဗင်တပ်စ်

 

မန်စီးတီး – စပါး (တနင်္ဂနွေနံနက် ၁၂ နာရီ)

 

လေးပွဲဆက် ရှုံးနိမ့်ထားတဲ့ မန်စီးတီးအတွက်တော့ မဖြစ်မနေ နိုင်ပွဲရှာရမဲ့ အချိန်ရောက်လာပါပြီ။ ဒီအချိန်မှာ စပါးနဲ့ ရင်ဆိုင်ရတာကလည်း သူတို့အပေါ် ခြေစွမ်းစမ်းသပ်မှု တစ်ခုလိုပါပဲ။ မန်စီးတီးဟာ ဒီရက်ပိုင်းမှာပဲ နည်းပြ ဂွာဒီယိုလာကို စာချုပ်သက်တမ်း ၂ နှစ်တိုးမြှင့်ထားခဲ့ပြီဖြစ်လို့ စိတ်ဓတ်ပိုင်းဆိုင်ရာ တက်ကြွနေမှာသေချာပါတယ်။ ဒါ့အပြင် ဒီဘရိုင်း၊ ဂျွန်စတုန်း၊ ဂရီးလက်ချ်တို့လို ကစားသမားတွေလည်း ဒဏ်ရာက ပြန်လာနိုင်ပြီဖြစ်လို့ အီတီဟတ်မှာ မန်စီးတီးတို့ အသာရမှာပါ။ စပါးဟာ ကရာဘောင်ဖလားမှာ မန်စီးတီးကို အနိုင်ယူကျော်ဖြတ်ခဲ့ပေမယ့် နောက်ဆုံးပွဲမှာ တန်းတက်အစ်ဆွစ်ချ်ကို ရှုံးနိမ့်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ရှုံးပွဲကြုံခဲ့ပါတယ်။ ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းနေရတာဖြစ်လို့ အီတီဟတ်မှာ အမှတ်ခွဲယူနိုင်ဖို့ မလွယ်ပါဘူး။ မန်စီးတီးတို့ လေးပွဲဆက်အရှုံးကနေ ပြန်လာမယ့်ပွဲပါပဲ။

 

ခန့်မှန်းချက် – မန်စီးတီး ၁-၀ စပါး

 

 

အစ်ဆွစ်ချ် – မန်ယူ (တနင်္ဂနွေည ၁၁ နာရီ)

 

ဒီရာသီ ၁၁ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ တစ်ပွဲသာရထားပြီး တန်းဆင်းဇုန်တစ်ဝိုက်မှာ ရပ်တည်နေရတဲ့ အစ်ဆွစ်ချ်အတွက်တော့ ဒီပွဲကို အိမ်ကွင်းမှာကစားရမှာဖြစ်ပေမဲ့ အမှတ်ခွဲယူနိုင်ဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းပြသစ်နဲ့ ပွဲထွက်လာမယ့် မန်ယူကြောင့်ပါပဲ။ မန်ယူကို ဒီပွဲမှာ နည်းပြသစ် အမိုရင် စတင်ကိုင်တွယ်မှာဖြစ်ပြီး ကစားသမားတွေကလည်း အစွမ်းပြဖို့ တာစူနေကြပါတယ်။ အဲရစ်တန်ဟက် ထွက်သွားပြီးနောက်မှာ ရှုံးပွဲမရှိသေးတဲ့ မန်ယူဟာ ဒီပွဲမှာလည်း ဂိုးပြတ်နိုင်ပွဲနဲ့ ခရီးသစ်တစ်ခု စတင်ခဲ့တယ်ဆိုရင် အံ့ဩစရာမရှိပါဘူး။ နည်းဗျူဟာရော ကစားသမား အင်အားပါ အပြတ်အသတ် သာလွန်နေတဲ့ မန်ယူရဲ့အနိုင်ဟာ ပြတ်သားသွားနိုင်ပါတယ်။

 

ခန့်မှန်းချက် – အစ်ဆွစ်ချ် ၁-၃ မန်ယူ