ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများ စုစည်းမှု

Author CJ Platform
Categories
Published on Nov 21, 2024

ဂွာဒီယိုလာကို အသက်ရှူချောင်စေခဲ့ပြီ

 

မန်စီးတီးပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းပါပဲ။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကီဗင် ဒီဘရိုင်း၊ ဂျွန်စတုန်း၊ ဂရီးလစ်ချ်နဲ့ အကန်ဂျီတို့အားလုံးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေကြပြီလို့ သိရပါတယ်။ မန်စီးတီးဟာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ရပြီးနောက်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂွာဒီယိုလာရဲ့ နည်းပြဘ၀ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံမှာ လေးပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရိုဒရီကလွဲပြီး လူစုံနီးပါး ပြန်လည်ပါဝင်လာမယ့် မန်စီးတီးဟာ လာမယ့် စနေညမှာတော့ စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

ဂျီနိုအာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဗီအဲရာ

 

အီတလီစီးရီးအေကလပ် ဂျီနိုအာအသင်းဟာ ပြင်သစ်လူမျိုးနည်းပြ ပက်ထရစ် ဗီအဲရာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ ဂျီနိုအာဟာ ဒီရာသီ စီးရီးအေ ၁၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး တန်းဆင်းဇုန်အထက် တစ်မှတ်အကွာ အဆင့် ၁၇ အထိ ရောက်သွားခဲ့တာကြောင့် နည်းပြ ဂီလာဒီနိုကို ထုတ်ပယ်ခဲ့တာပါ။ ဗီအဲရာဟာ ၂၀၁၆ ခုနှစ်မှာ မေဂျာလိဂ်ကလပ် နယူးယောက် ရက်ဒ်ဘူးလ်အသင်းနဲ့အတူ နည်းပြဘ၀စတင်ခဲ့ပြီး အဲဒီကမှတစ်ဆင့် ပြင်သစ်လီဂူးဝမ်း ကလပ် နိုက်စ်၊ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပြင်သစ်လီဂူးဝမ်းကလပ် စထရာဘော့ဂ်တို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဗီအဲရာဟာ ဂျီနိုအာမှာတော့ ဘာလော့တယ်လီနဲ့ ပြန်လည်ဆုံတွေ့ရမှာပါ။ ဗီအဲရာနဲ့ ဘာလော့တယ်လီဟာ အင်တာမီလန်နဲ့ မန်စီးတီးမှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး နိုက်စ်အသင်းမှာတော့ ဆရာတပည့်အဖြစ် လက်တွဲခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။

ဆာလားရဲ့နေရာအတွက် အန်တိုနီနဲ့ အစားထိုးဖို့ ကြံရွယ်ခဲ့ဖူးတဲ့ ကလော့ပ်

 

လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ ၂၀၂၂ ခုနှစ်မှာ သူ့အသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမက် ဆာလားရဲ့နေရာကို အေဂျက်စ်ကစားသမား အန်တိုနီနဲ့ အစားထိုးဖို့ ကြံရွယ်ခဲ့ဖူးပါတယ်။ အန်တိုနီရဲ့ အေးဂျင့်ဖြစ်သူက “ယာဂန်ကလော့ပ်ဟာ ၂၀၂၂ ခုနှစ်မှာ သူ့ကိုခေါ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဆာလားရဲ့ နေရာအတွက်ပါ။ အဆုံးသတ်မှာတော့ ဆာလားက စာချုပ်သက်တမ်း တိုးဖြစ်သွားခဲ့တာကြောင့် အဲဒီအပြောင်းအရွှေ့ဟာ မဖြစ်ခဲ့တာပါ၊ ဒါက အမှန်တရားပါပဲ” လို့ ထုတ်ပြောလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အန်တိုနီဟာ သူ့ဆရာဟောင်းဖြစ်သူ အဲရစ်တန်ဟက်ရဲ့ ခေါ်ယူမှုနဲ့အတူ မန်ယူအသင်းထံ ရောက်လာခဲ့ပြီး ပရီးမီးယားလိဂ် ၅၆ ပွဲမှာ သွင်းဂိုး ငါးဂိုးသာ ရရှိထားခဲ့တာဖြစ်ပါတယ်။

ဖလော်ရီယန် ဝစ်ဇ်ကို ရီးရဲလ်၊ လီဗာပူးလ်တို့နဲ့အပြိုင် ခေါ်ယူမယ့် မန်စီးတီး

 

မန်စီးတီးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် ဂျာမနီကြယ်ပွင့်ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို လာမယ့် နွေစျေးကွက်မှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လေဗာကူဆင်အသင်းကို ရှုံးပွဲမရှိ စံချိန်နဲ့ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးစေခဲ့ရာမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် လီဗာပူးလ်ကလည်း ကြိုးပမ်းသွားမှာဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း လာမယ့်နွေရာသီမှာ လေဗာကူဆင်ရဲ့ ဆရာတပည့် အတွဲလိုက်ဖြစ်တဲ့ အလွန်ဆိုနဲ့ ဝစ်ဇ်တို့ကို ခေါ်ယူသွားမယ်လို့ သတင်းကြီးနေပါတယ်။ ဒါကြောင့် မန်စီးတီးနည်းပြ ဂွာဒီယိုလာအနေနဲ့ ရီးရဲလ်၊ လီဗာပူးလ်တို့နဲ့အပြိုင် ဝစ်ဇ်ကို အရခေါ်ယူသွားဖို့ စတင်ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။

 

အန်းဒရစ်ခ်ကို အငှားချသွားဖို့ အစီအစဉ်မရှိတဲ့ ရီးရဲလ်မက်ဒရစ်

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်းဒရစ်ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ အငှားချဖို့ ဆန္ဒမရှိဘူးလို့ နာမည်ကျော်သတင်းထောက် ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် အပါအဝင် တခြားအသင်းတွေက ရီးရဲလ်မက်ဒရစ်မှာ နေရာမရဖြစ်နေတဲ့ အန်းဒရစ်ခ်ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ အခုတော့ အန်းဒရစ်ခ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆက်လက်ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Goal