“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၄ မှ ၉ ရက်နေ့အထိ)
“ကျတော့ ကျတယ် အနည်းငယ်”
တက်ပြီး ကျဖို့ ခက်ခဲလေ့ရှိတဲ့ မြန်မာနိုင်ငံက ဈေးကွက်တွေရဲ့ထုံးစံအတိုင်း ပြည်တွင်းရွှေဈေးနှုန်းတွေကလည်း အလားတူပါပဲ။
ပြည်တွင်းအခြေအနေနဲ့ လူတွေရဲ့ စားဝတ်နေရေးကြောင့် ရွှေဝယ်သူ၊ စုသူ နည်းပါးနေသလို စစ်ကောင်စီဘက်ကလည်းထိန်းချုပ်နေတာတွေကြောင့် ကျရမယ့်အချိန်မှာ ဖြေးဖြေးစီပဲ ကျနေပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက်ကျခဲ့ပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ရှစ်သောင်းကျပ်လောက်ပဲ ကျတာကို တွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ ပြည်တွင်းရွှေဈေးနှုန်းဟာ တနင်္လာနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၄ သိန်း သုံးသောင်းနဲ့ဖွင့်လှစ်ခဲ့ပြီး တစ်ကျပ်သား ၆၃ သိန်းပဲ ရောက်ခဲ့တာတွေ့ရပေမဲ့ စနေနေ့မှာတော့ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်း ငါးသောင်းနဲ့ပိတ်သွားခဲ့ပါတယ်။
စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေလည်း ဒီတစ်ပတ်ထဲ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို တစ်သိန်းခုနစ်သောင်းကျပ်လောက် လျော့ကျသွားတာတွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်ထဲမှာတော့ ဒီတစ်ပတ်ထဲ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၅၀ ကျော် ဈေးကျသွားပါတယ်။
ဒီတစ်ပတ် စနေနေ့ ပြည်တွင်းရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ရှစ်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်း ငါးသောင်းကျပ်ဈေးရှိပြီး YGEA ဈေးကတော့ တစ်ကျပ်သား ၅၅ သိန်းကျော်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေတစ်အောင်စကိုတော့ အမေရိကန် ၂၆၈၄ ဒေါ်လာဖြစ်ပါတယ်။
Source – Myanmar Market Price