လူ ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့အထိ ရေဘေးဆိုးရွားခဲ့လို့ ကိုပါဒယ်ရေးပွဲစဉ်ကို ထပ်ရွှေ့ပေးဖို့ ဗလင်စီယာတောင်းဆို လာလီဂါပွဲစဉ်တွေကို ယှဉ်ပြိုင်စေခဲ့တဲ့အပေါ် နည်းပြတွေ ဝေဖန်
ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံ အရှေ့ပိုင်း၊ ဗလင်စီယာဒေသမှာ ဒါနာမုန်တိုင်းတိုက်ခတ်ခဲ့တာနဲ့အတူ ရှစ်နာရီဆက်တိုက် မိုးရွာသွန်းခဲ့တာကြောင့် သမိုင်းတလျှောက်အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့အပတ်မှာကစားရမယ့် ဗလင်စီယာအသင်းရဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၆ ရက်နေ့မှာ ကစားစေဖို့ ရွှေ့ဆိုင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း လာလီဂါပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့်ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်းခဲ့ရပြီး အခုအချိန်ထိ ဒေသတွင်းမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် ဗလင်စီယာအသင်းကတော့ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာကစားရမယ့် ကိုပါဒယ်ရေးဖလား ပထမအဆင့်ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ။
ဗလင်စီယာအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “အခုလိုမျိုး ကြီးမားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ ကြုံတွေ့နေရသူတွေကို ကူညီပေးဖို့ပဲ အာရုံစိုက်သင့်တာကြောင့် ပွဲကို ရွှေ့ဆိုင်းပေးသင့်ပါတယ်။ အခုအချိန်မှာ ဘောလုံးထက် ထိခိုက်ခံစားခဲ့ရသူတွေကို ကူညီဖို့က ပိုအရေးကြီးပါတယ်” လို့ ပါရှိပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ အန်ဆယ်လော့တီကလည်း “ဒီလိုအဖြစ်ဆိုးတွေကြုံရတဲ့အချိန်မျိုးမှာ ခင်ဗျားအနေနဲ့ ဘောလုံးကွင်းထဲကို ဘာသွားလုပ်ရမှာလဲ။ ဘယ်သူမှလည်း ကစားချင်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က တာဝန်ရှိသူတွေမဟုတ်ဘူးလေ။ ဒါကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂို ဆီမြွန်နီက ဒီလိုအချိန်အခါမျိုးမှာ ဘောလုံးပွဲတွေ ကစားနေရမှာက အဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်ခဲ့သလို ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ကလည်း သူသာ တာဝန်ရှိသူတစ်ယောက်ဆိုရင် လာလီဂါပွဲစဉ်တွေကို သေချာပေါက်ရွှေ့ဆိုင်းထားမှာဖြစ်တယ်လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့စနေညမှာကစားခဲ့တဲ့ ဂျီရိုနာအသင်းက လီဂါနက်စ်အသင်းကို လေးဂိုး၊ သုံးဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂျီရိုနာအတွက် အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ ဂူတီယာရက်စ်က Forca Valencia ဆိုတဲ့ စာတန်းပါတဲ့ ဂျာစီနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်ရပ်ဝန်းမှာလည်း စနေညမှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲစဉ်မှာ ဗလင်စီယာရေလွှမ်းမှုမှာ အသက်ဆုံးပါးသွားခဲ့ကြတဲ့လူတွေအတွက် ဝမ်းနည်းခြင်းအဖြစ် လက်ပတ်အနက်တွေ ဝတ်ဆင်ကစားသွားခဲ့ကြတာတွေ့ရပါတယ်။
ဓာတ်ပုံ – TNT sports, beIN sports, AP News, FootBoom