တောင်ကုတ်မြို့ကို တစ်နှစ်လောက် ပိတ်ဆို့ထားပြီးနောက် AA ထိုးစစ်စတင်

Author သုတ၊ လဂွန်းအိမ်
Categories
Published on Nov 04, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် AA က တစ်နှစ်လောက် ပိတ်ဆို့ဝိုင်းရံထားပြီးနောက် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီလို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

အဲဒီက စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်ဆင်ကွပ်ကဲရေးဌာနချုပ်(စကခ)-၅ လက်အောက်က အမြင့်ဆုံးတောင် ပန်းမြောက်တောင်ရှိ အမြောက်တပ်စခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“နှစ်ရက်လောက်ရှိပြီ တိုက်ပွဲစတာ။ အမြောက်တပ်ကို ရပြီလို့လည်းကြားပါတယ်။ ပစ်ခတ်သံတွေကတော့ ဆက်ပြီးကြားနေရတာတွေရှိသေးတယ်” လို့ သူက ယမန်နေ့ နိုဝင်ဘာ ၃ ရက်က CJ Platform ကို ပြောပါတယ်။

 

ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ငါးခုခန့်ရှိပြီး တပ်မအဆင့်ရှိတဲ့ဒေသမှာ အမြောက်တပ်တစ်ခုစီပါရှိလေ့ရှိတယ်လို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူနဲ့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။

 

“အမြောက်တပ်က တော်တော်အရေးကြီးတယ်။ အဲဒီအမြောက်တွေကျသွားရင် သေချာတာက အဲဒီတပ်မဟာ ရေရှည်ရပ်တည်ဖို့အခက်အခဲရှိတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ထိုးစစ်မစခင် အစောပိုင်းရက်တွေမှာလည်း တောင်ကုတ်မြို့အနီးက ရှေ့ထွက် စခန်းကုန်းတွေကို AA က သိမ်းပိုက်ရရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက် ၆ နာရီခန့်မှာ တောင်ကုတ်မြို့အထွက်ဂိတ်ဖြစ်တဲ့ ဦးထွန်းလှိုင်ဗျူဟာကုန်းနဲ့ တောင်ကုတ်ချောင်း တစ်ဖက်ကမ်းရှိ ဇီးကိုင်းတောင်ဗျူဟာကုန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒရုန်းတွေဝဲပျံနေတယ်လို့ သိရပါတယ်။

 

အဲဒီမှာ လက်နက်ကြီး/ငယ်အသံတွေအပြင် စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ခေါက် ဗုံးလာကြဲသွားတယ်လို့ CJ Platform ရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

 

“တက္ကသိုလ်ဘက်ကိုသွားတဲ့ ကိုင်းရှည် တံတားကို ၉ နာရီထဲက ပိတ်လိုက်တယ်။ မနေ့ကလည်း ကိုင်းရှည်တံတားလက်ရမ်းကို လာမှန်တယ်။ အနားက အိမ်ခေါင်မိုးပေါ်တွေလည်း အစတွေကျတာ ရှိတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ယမန်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း တောင်ကုတ်မြို့ပေါ် ဂျက်ဖိုက်တာတွေ ဝဲပျံခဲ့ပြီးနောက် ဗုံးနှစ်ကြိမ် ကြဲချသွားတဲ့အပြင် တောင်ကုတ်ရဲ့ အမြင့်ဆုံးဗျူဟာကုန်းဖြစ်တဲ့ ပန်းမြောက်တောင်ဗျူဟာကုန်းဘက်မှာ လက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ခတ်သံတွေကြားရတယ်လို့ လက်ရှိ မြို့ပေါ်မှာနေထိုင်နေတဲ့ CJ Platform ရဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။

 

တောင်ကုတ်မြို့ဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ ပန်းမြောက်တောင်ဗျူဟာကုန်း၊ တပ်မဗျူဟာကုန်း၊ ဦးထွန်းလှိုင်ဗျူဟာကုန်း၊ ဘီလူးမတောင်ဗျူဟာကုန်း၊ ဇီးကိုင်းတောင်ဗျူဟာကုန်းတို့ရှိနေပြီး ပန်းမြောက်တောင်ဗျူဟာကုန်းကျပါက တောင်ကုတ်မြို့ကျဖို့ နီးစပ်ပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပန်းမြောက်တောင်ဗျူဟာကုန်း(အမြောက်စခန်း)ဟာ ဒီကနေ့မှာတော့ လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

 

ပန်းမြောက်တောင်အနီးရှိ ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ မြို့ပေါ် နဲ့ တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာဘ်ထိုးနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

“စက်လှေတွေနဲ့ သွားရတာ။ လောင်းလှေတစ်စီးကို ခြောက်သိန်းပေးရတယ်။ ရေလမ်းမှာက သူတို့ဂိတ်တွေရှိတယ်လေ။ အခန့်မသင့်ရင် အဖမ်းခံရတာတွေလည်းရှိတယ်” လို့ တောင်ကုတ်မြို့ရှိ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

လက်ရှိတောင်ကုတ်မြို့ပေါ်မှာ လျှပ်စစ်မီးမရတာ တစ်လနီးပါးရှိနေပြီဖြစ်သလို အင်တာနက်လိုင်းလည်း ပြတ်တောက်နေတဲ့အပြင် MEC ကမ်းရိုးတန်းဖုန်းလိုင်းတစ်ခုသာ အသုံးပြုလို့ရနေတယ်လို့ ဆိုပါတယ်။

 

တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ စကခ(၅)အပြင် ခမရ-၃၄၆၊ ခမရ-၅၄၄ တို့ရှိပြီး အဲဒီတပ်စခန်းတွေမှာ စစ်သင်တန်းဆင်းမွတ်ဆလင်တွေကို အင်အားဖြည့်တင်းထားတာတွေ တွေ့မြင်ရတယ်လို့လည်း တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။