မြန်မာက မြေရှားသတ္ထုထုတ်လုပ်မှု ရပ်တန့်သွားလို့ ကမ္ဘာမှာ ဈေးနှုန်းမြှင့်တက်

Author CJ Platform
Categories
Published on Nov 04, 2024

မြန်မာနိုင်ငံမြောက်ပိုင်းက မြေရှားသတ္ထု အဓိကထွက်ရှိရာနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း တူးဖော်မှုတွေ ရပ်တန့်ခဲ့တာကြောင့် နိုဝင်ဘာလဆန်းပိုင်းမှာပဲ မြေရှားသတ္ထုတန်ဖိုးတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံက မြေရှားသတ္ထုရောင်းဝယ်သူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ဈေးနှုန်းတွေ တိုးမြှင့်ခဲ့သလို အခုနိုဝင်ဘာလမှာလည်း ဈေးတွေ ထပ်ပြီးတိုးမြှင့်ခဲ့သေးတာကြောင့် မြေရှားသတ္ထုဟာ သုံးလဆက်တိုက် စျေးတွေ ထိုးတက်ခဲ့ပါတယ်။

 

ဥပမာအနေနဲ့ တရုတ်အစိုးရပိုင် Inner Mongolia Baotou Steel Rare-Earth ကုမ္ပဏီဟာ သောကြာနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ အခုလအတွက် မြေရှားသတ္ထုဈေးနှုန်းတွေကို ကြေညာခဲ့ပြီး PrNdO လို့ အတိုကောက်ခေါ်တဲ့ ပရာဆီယိုဒိုင်မီယံ နီယိုဒိုင်မီယံ အောက်ဆိုဒ် အပါအဝင် ထုတ်ကုန်တချို့ရဲ့ စျေးနှုန်းတွေ လအလိုက် အနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။

 

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လေးလံတဲ့မြေရှားသတ္ထုထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ တူးဖော်ထုတ်လုပ်နေတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် မြေရှားသတ္ထုဈေးကွက်မှာ စျေးနှုန်းတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ မြေရှားသတ္ထုထုတ်လုပ်ရေးကို အနီးကပ်လေ့လာနေတဲ့ လွတ်လပ်တဲ့ လုပ်ငန်းကျွမ်းကျင်သူ ဝူချန်ဟွေ (Wu Chenhui)က Global Times ကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

 

မြန်မာနိုင်ငံဟာ အဓိကအားဖြင့် အလယ်အလတ်နဲ့ လေးလံတဲ့ မြေရှားသတ္ထု အိုင်းယွန်း သတ္တုရိုင်းတွေကို ထုတ်လုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၁၁ ရာခိုင်နှုန်းကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္ထု အောက်ဆိုဒ် တန်ချိန် ၃၁,၀၀၀ တင်သွင်းခဲ့ပြီး ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ အဲဒီကာလအတွင်း စုစုပေါင်း တင်သွင်းမှုရဲ့ ၇၄ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနက ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ မြေရှားသတ္ထုတူးဖော်မှု ရပ်ဆိုင်းထားတာနဲ့ ပြည်တွင်းမှာ အလယ်အလတ်နဲ့ လေးလံတဲ့ မြေရှားသတ္ထု ထုတ်လုပ်မှုအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဒီပစ္စည်းတွေရဲ့ ထုတ်လုပ်မှု လိုအပ်ချက် ဖြစ်ပေါ်လာနိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ငွေကြေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huatai Securities က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

နောက်လာမယ့် ၂ နှစ်၊ သုံးနှစ်အတွင်း မြေရှားသတ္ထု ထုတ်လုပ်မှုပုံစံမှာ သိသိသာသာ ပြောင်းလဲမှု မရှိနိုင်ဘဲ တရုတ်နိုင်ငံဟာ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်သလို တစ်ချိန်တည်းမှာ စျေးနှုန်းတွေကလည်း ပိုမိုတည်ငြိမ်တဲ့ အနေအထားတစ်ခုအထိ တဖြည်းဖြည်း မြင့်တက်လာဖွယ် ရှိတယ်လို့ မစ္စတာ ဝူက ဆက်လက်ပြောကြားပါတယ်။

 

တရုတ်နိုင်ငံရဲ့ A-share (တရုတ်နိုင်ငံရဲ့ ပြည်တွင်းစတော့အိတ်ချိန်းစျေးကွက်)ထဲက မြေရှားသတ္ထုနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ တစ်နေ့တာ အမြင့်ဆုံးစျေးအထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေထဲ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေဖြစ်တဲ့ Inner Mongolia Baotou Steel Rare-Earth နဲ့ China Rare Earth Resources and Technology Co., တို့ ပါဝင်ပါတယ်။

 

ဒါ့အပြင် ဟောင်ကောင်စျေးကွက်တွေထဲက မြေရှားသတ္ထုကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေလည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

 

မြေရှားသတ္ထုကို တရုတ်နိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက ချီဖွေမြို့နယ်တဝိုက်နဲ့ ပန်ဝါဒေသတွေမှာ အဓိထားထုတ်လုပ်နေပြီး ရလာတဲ့ သတ္ထုတွေကို အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ အဓိကထားသုံးပါတယ်။

 

ဒါ့အပြင် လျှပ်စစ်ကားဘတ္ထရီ၊ လေအားသုံးတာဘိုင်နဲ့ နျူးကလီးယားစွမ်းအင်ထုတ်လုပ်ရာမှာလည်း သုံးလေ့ရှိပြီး စစ်ဘက်ဆိုင်ရာမှာဆိုလည်း မိုးပျံယာဉ်အင်ဂျင်တွေ၊ ဒုံးကျည်စနစ်တွေနဲ့ အာသာသယာဉ်အစိတ်အပိုင်းတွေအထိ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- IC

 

ပုံစာ- တရုတ်နိုင်ငံ ကျန်းစု(Jiangsu)ပြည်နယ်က လျန်ယွမ်ကန်း (Lianyungang) ဆိပ်ကမ်းမှာ မြေရှားသတ္ထုတွေ ချနေတဲ့ သင်္ဘောတစ်စင်းကို တွေ့ရစဉ်

 

ကိုးကား- Global Times

 

 

Related News

Depend on news