လက်နက်၀ယ်ယူရန် ဒေါ်လာသုံးသိန်း ကာကွယ်ရေး၀န်ကြီးဌာန(MOD) သို့ ဇွန်လထဲက ပေးသွင်းထားသော်လည်း လက်၀ယ်မရောက်သေးကြောင်း ဗိုလ်နဂါးထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 14, 2022

လက်နက်၀ယ်ယူရန် ဒေါ်လာသုံးသိန်းကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေး၀န်ကြီးဌာန(MOD) သို့ ယခုနှစ်ဇွန်လပိုင်းမှ စတင်ကာ ပေးသွင်းထားပြီး လက်ရှိချိန်ထိ လက်၀ယ်သို့မရောက်သေးကြောင်း မြန်မာ့တော်၀င်နဂါးတပ် တော် (M.R.D.A )က ယနေ့တွင်ထုတ်ပြန်ထားသည်။

ကွန်မန်ဒို ၁၀၀ အတွက် အကြောင်းပြပြီး ဒေါ်လာ လေးသိန်းအလှူခံကာ ဘာမျှရေရေရာရာ အကောင်အထည်မပေါ်ဘဲ ငွေကြေးလိမ်လည်ထားသည့် ပုံဖော်ပြောဆိုနေသည့် လူအနည်းစုအား ပြည်သူများက သတိထားမိမည်ဖြစ်ကြောင်း၊ ပုတ်ခတ်စွပ်စွဲမှုသည် အထက်ကို ထောက်ပြဝေဖန်မှုမပြုရဲသဖြင့် ကျွန်ုပ်တို့ကိုသာ စွပ်စွဲပြောဆိုနေခြင်းမျိုး သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုဖြင့် ဝါဒဖြန့်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“အမှန်တကယ် အင်အားဖြစ်လိုသဖြင့် ဇွန်လပိုင်းမှ စတင်ခဲ့သော ဒေါ်လာလေးသိန်း ပရောဂျက်မှ ကာကွယ်ရေး၀န်ကြီးဌာန(MOD) ထံတွင် ဒေါ်လာသုံးသိန်းခန့်ကို ပေးသွင်းထားခဲ့ပြီးဖြစ်ပါတယ်။ ယခု အောက်တိုဘာ အထိတိုင် ကာကွယ်ရေး၀န်ကြီး(MOD) မှ ထောက်ပို့တာ၀န်ခံအား အမြဲမပြတ် စုံစမ်း မေးမြန်းနေမြဲဖြစ်ပါသည်။ အခက်အခဲအမျိုးမျိုးကြောင့် မရောက်ရှိနိုင်သေးကြောင်း အကြောင်းပြန်လာသဖြင့် ကျွန်ုပ်တို့ အကောင်အထည် မဖော်ပြနိုင်သေးခြင်း ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လေကြောင်းရန် တုံ့ပြန်ရန် လက်နက်ကြီးတစ်ခု အပါအ၀င် အခြားပစ္စည်းအကြီးများ၊ အဖူးများကို M.R.D.A မှ မြန်မာကျပ်ငွေ သိန်းသုံးထောင်ဖိုးခန့်၀ယ်ယူထားသည်ကို ကာကွယ်ရေး၀န်ကြီးဌာန ထောက်ပို့တာ၀န်ခံမှ တာ၀န်ယူကူသယ်ပေးမည်ဟု ဆိုသဖြင့် ဇွန်လဆန်းပိုင်းကတည်းက ပစ္စည်းနှပ်နှံထားသော်လည်း လမ်းကြောင်း အခက်အခဲကြောင့် လက်၀ယ် ရောက်ရှိခြင်းမရှိသေးဘဲ အလုပ်ခရီးမပေါက်ရခြင်းအပေါ် ပြည်သူများ နားလည်ပေးရန် M.R.D.Aက မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် အမျိုးညားညီညွတ်ရေးအစိုးရ MOD လက်အောက်ခံ တရား၀င် တပ်ရင်း ၄ရင်းရှိပြီး COC နှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ M.R.D.A မြေပြင်အင်အားစုသည် များပြားလွန်းပြီး ၄ ရင်းမှ ပိုသော အင်အားများကို ကိုယ်တိုင်ကြိုးစားရှာဖွေရပ်တ်ရင်း တော်လှန်ရေးအတွက် အရိုးသားဆုံးခရီးဆက်နိုင်အောင် ကြိုးစားနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။