“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (အောက်တိုဘာ ၂၁ မှ ၂၆ ရက်အထိ)

Published on Oct 27, 2024

“၆၇ သိန်းကျော်အထိ ပြန်တက်ခဲ့တဲ့ရွှေဈေး အနည်းငယ်ပြန်ကျ”

 

ဒီတစ်ပတ်ထဲ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်တာနဲ့အတူ ပြည်တွင်းရွှေဈေးတွေလည်း ကျပ် ၆၇ သိန်းကျော်အထိမြင့်တက်ခဲ့ပြီးမှ ပြန်ကျသွားပါတယ်။

 

ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့အပတ် နှောင်းပိုင်းရက်တွေထဲက အတက်ဘက်ကို ဦးတည်လာခဲ့ပြီးနောက် ဒီတစ်ပတ် ဈေးစဖွင့်တဲ့ အောက်တိုဘာ ၂၁ ရက် တနင်္လာနေ့ကတည်းက မြင့်တက်လာခဲ့တာပါ။

 

နောက်တစ်နေ့ အင်္ဂါနေ့မှာပဲ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်တစ်သိန်းခွဲ၊ ဗုဒ္ဓဟူးနေ့မှာ ကျပ်တစ်သိန်းနဲ့ ကြာသာပတေးနေ့မှာလည်း ကျပ်တစ်သိန်းစီ တက်ခဲ့ကြတာတွေ့ရပါတယ်။

 

အမြင့်ဆုံးအနေနဲ့ ကြာသာပတေးနေ့မှာ ၆,၇၅၀,၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။

 

နောက်တစ်နေ့ သောကြာနေ့မှာတော့ ပြန်လည်ကျဆင်းလာပြီး ၁၆ ပဲရည်တစ်ကျပ်သားကို ၁၇၀,၀၀၀ ကျပ်လောက် ပြန်ကျခဲ့ပါတယ်။ စနေနေ့မှာတော့ တစ်ကျပ်သား ကျပ်သောင်းဂဏန်းခန့် အနည်းငယ်ကျဆင်းခဲ့တာတွေ့ရပါတယ်။

 

တစ်ပတ်အတွင်း ရွှေဈေးနှုန်းတွေကို နှိုင်းယှဉ်ပါက အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ကျပ် ၂၅၀,၀၀၀ လောက်မြင့်တက်ခဲ့ပါတယ်။

 

ဒါပေမဲ့ ရွှေဈေးက ဆက်လက်ကျဆင်းနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုပါတယ်။

 

ဒီတစ်ပတ် ကမ္ဘာ့ရွှေဈေးကွက်ထဲ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၇၆၀ နီးပါးလောက်အထိ မြင့်တက်ခဲ့ပြီး စနေနေ့မှာတော့ ၂၇၅၀ နီးပါးနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။ ဒါကြောင့် တစ်ပတ်လုံးအတိုင်းအတာအရ ကမ္ဘာ့ရွှေတစ်အောင်စကို ၃၀ ဒေါ်လာလောက်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ၁၅ ပဲရည်တစ်ကျပ်သား ၆၁ သိန်း ငါးသောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ သိန်း ငါးသောင်းကျပ်ဈေးရှိခဲ့ပါတယ်။ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ စနေနေ့ အပိတ်ဈေးနှုန်းကတော့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၅၆ သိန်းကျော်ဖြစ်ပါတယ်။

 

Source – Myanmar Market Price