စစ်ကောင်စီအနေဖြင့် တရားဥပဒေကို နိုင်ငံရေး၊ ပါတီစွဲဖြင့် အသုံးပြုခြင်းအား ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံ ထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 14, 2022

မြန်မာစစ်တပ်အနေဖြင့် တရားဥပဒေကို နိုင်ငံရေး၊ ပါတီစွဲဖြင့် အသုံးပြုခြင်းအား ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေး၀န်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၂ ရက် တွင်ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံရုံးက အောက်တိုဘာ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်လိုက်သည့် ပြစ်ဒဏ်အသစ်နှင့် မြန်မာစစ်တပ်က တရားဥပဒေကို ရည်ရွယ်ချက်ရှိစွာ နိုင်ငံရေး၊ ပါတီစွဲအရ အသုံးပြုခြင်းအား ပြင်သစ်နိုင်ငံက အပြင်းအထန်ရှုတ်ချကြောင်း၊ ယခုပြစ်ဒဏ် သည် တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာချကာ အရပ်သားခေါင်းဆောင်အား နိုင်ငံရေးမှ အပြီးအပိုင် ဖယ်ရှားပစ်ရန် စစ်ကောင်စီ၏ ဆန္ဒကို ပြသခြင်းဖြစ် သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် သမိုင်း၀င်ခေါင်းဆောင်များ ပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရေးအတွက် ပြင်သစ်နိုင်ငံ၏ ကတိက ၀တ် ကို ထပ်လောင်းပြောကြားလိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး၀င်းမြင့် အပါအ၀င် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန်နှင့် စစ်ကောင်စီ ကျူးလွန်ထားသည့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးအတွက် ထပ် မံတောင်းဆိုကြောင်း ပြောကြားသည်။

အာဆီယံနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ အထူးသံတမန်၏ ကြိုးပမ်းအားထုတ်မှုများကို ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံပြီး အကျပ်အတည်းကို အဆုံးသတ်ရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ခြင်းသည် မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ခုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။